ဘားအံ ၁၈ ဇွန်

 

နေရပ်ပြန်များ အများဆုံးပြန်လည်ဝင်ရောက်ကြသည့် မြဝတီနယ်စပ်ဂိတ်နှင့် ကရင်ပြည်နယ်ရှိ Quarantine Center များတွင် ကူညီဆောင်ရွက်ကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ်များပေးအပ်ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များပံ့ပိုးခြင်းနှင့် သတ်မှတ်နေရာ အဆောက်အအုံများတွင် ထားရှိပြီး အသွားအလာကန့်သတ်ထားသော ကိုယ်ဝန်ဆောင်များ၊ အသက်(၅)နှစ်အောက် ကလေးများ၊ သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေပေးခြင်းတို့ကို ယနေ့မွန်းလွဲပိုင်းတွင် ဘားအံ နည်းပညာတက္ကသိုလ်အတွင်း၌ ဆောင်ရွက်သည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကရင်ပြည်နယ် အစိုးအရအဖွဲ့ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံနည်းပညာတက္ကသိုလ်အတွင်း၌ Quarantine Center အဖြစ် ဖွင့်လှစ်ထားသည့်နေရာသို့ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီးက အသွားအလာ ကန့်သတ်ထားရှိသူများနှင့် မြဝတီနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာကြသော နေရပ်ပြန်များအား ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအတွက် အသိအမှတ်ပြုဂုဏ်ပြုလွှာများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံပေးအပ်ပြီး စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ်များ၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များကို စေတနာ့ ဝန်ထမ်းကိုယ်စားလှယ်တို့ထံ ပေးအပ်သည်။

 

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကရင်ပြည်နယ်အတွင်းရှိ အသွားအလာကန့်သတ်နေရာများတွင်ရှိသော ကိုယ်ဝန်ဆောင်မိခင် (၂၉၇) ဦး၊ အသက်(၅)နှစ်အောက်ကလေး (၁၇၄)ဦးနှင့် အသက်(၆၀)နှင့် အထက် သက်ကြီးရွယ်အို (၁၈)ဦး တို့အတွက်တစ်ဦးလျှင်ငွေကျပ် (၃)သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၄,၆၇၀,ဝ၀ဝ ကို ပြည်ထောင်စုဝန်ကြီး က စခန်းတာဝန်ခံထံသို့ ပေးအပ်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက Quarantine Center များနှင့် မြဝတီနယ်စပ်ဂိတ်တွင် ကူညီဆောင်ရွက်ပေးကြသည့် ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များအား အထူးကျေးဇူး တင်ရှိကြောင်း၊ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့အနေဖြင့် COVID-19 ကာလ၏ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ရာ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား တွေ့ဆုံ၍ တစ်ဦးတစ်ဖွဲ့ချင်းပေးအပ်ခြင်း၊ အခမ်းအနားဖြင့် ဂုဏ်ပြုပြောကြားခြင်းများကို လက်ရှိအခြေအနေအရ ဆောင်ရွက်၍ မရနိုင်ပါကြောင်း၊ လိုအပ်ချက်များကို မြို့နယ် စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့မှ အဆင့်ဆင့်သတင်းရယူ၍ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

 

ယနေ့တွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့က ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ မြဝတီခရိုင်တို့အတွင်းရှိ စုစုပေါင်းစေတနာ့ဝန်ထမ်း(၂၄၁)ဦး၊ ပရဟိတအဖွဲ့ (၂၃) ဖွဲ့တို့အတွက် ပေးအပ်ခဲ့သည့် အသိအမှတ်ပြုဂုဏ်ပြုလွှာများကို ကရင်ပြည်နယ်အစိုးရ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ သက်ဆိုင်ရာ မြို့နယ်စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများက အဆင့်ဆင့်စိစစ်၍ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များလက်ဝယ်အရောက် ပေးအပ်သွားမည်ဖြစ်ပြီး စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များစာရင်း ကျန်ရှိခြင်းများ ရှိပါကလည်း ဂုဏ်ပြုခြင်းများ ထပ်မံဆောင်ရွက်ပေးမည်ဖြစ်သည်။

 

ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကိုဗစ်-၁၉ လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအတွက် အသိအမှတ်ပြု ဂုဏ်ပြုလွှာများနှင့် စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများ၏ စိစစ်မှုဖြင့် ဆက်လက်ဂုဏ်ပြုပေးအပ်သွားမည် ဖြစ်သည်။

 

ယနေ့ကရင်ပြည်နယ်အတွင်း စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြု ဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ်များပေးအပ်ခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါပြန့်ပွားမှုမရှိစေရန် လိုက်နာရန်ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်