ဘားအံ   ၂၇   မေ 


    
သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကိုက်ခြင်းမှတစ်ဆင့် လျင်မြန်စွာကူးစက်နိုင်ပြီး သာမန်ဖျားနာသော အဆင့်မှ အသက်အန္တရာယ်ရှိသည်အထိ ပြင်းထန်မှုရှိသောရောဂါတစ်မျိုးဖြစ်ရာ လွန်ခဲ့သော(၅)နှစ်တာအတွင်း ရောဂါဖြစ်ပွားမှု စာရင်းများကိုနှိုင်းယှဉ်၍ ပညာရှင်များ၏ခန့်မှန်းမှုအရ ယခုနှစ်တွင် ကရင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု ယခင်နှစ်များထက် ပိုမိုများပြားနိုင်ကြောင်း မေလ ၂၆ ရက် နံနက် ၁၀ နာရီက ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ကျင်းပသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများဆိုင်ရာ ပြည်နယ် အဆင့်အသိပေးဆွေးနွေးပွဲမှ သိရသည်။


    
ထိုအသိပေးဆွေးနွေးပွဲကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင် တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာဇော်လင်းက နှုတ်ခွန်းဆက်စကားပြောကြားကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာမင်းမျိုးကြည်က သွေးလွန် တုပ်ကွေး ရောဂါကာကွယ်နှိမ်နှင်းရေးဆိုင်ရာ လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားသည်။

 

န္တ

  

 

 
ကရင်ပြည်နယ်တွင် ရောဂါစောင့်ကြည့်ထောက်လှမ်းမှုစာရင်းများအရ ၂၀၁၈ ခုနှစ်တွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၉၃၅ ဦးရှိပြီး တစ်ဦးသေဆုံးခဲ့ကြောင်း၊ ဘားအံမြို့နယ်တွင် အများဆုံးဖြစ်ပွားခဲ့ပြီး မြို့ပေါ်သာမက ကျေးရွာများတွင်လည်း ဖြစ်ပွားကာ အသက်အရွယ်အပိုင်းအခြားမရွေး ရာသီမရွေး ဖြစ်ပွားနိုင်ကြောင်း၊ ကျောင်းများပြန် ဖွင့်သည့် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် အများဆုံးဖြစ်ပွားကြကြောင်း၊ ၂၀၁၉ နှစ်စမှ ယနေ့ချိန်ထိ ရောဂါဖြစ်ပွားသူ ၉၀ ဦးခန့်သာ ရှိသေးသော်လည်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မိတ်ဖက်အဖွဲ့ အစည်းများက အားစိုက်လုပ်ဆောင်နေကြောင်း သိရသည်။


    
ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်နယ် ရပကန အဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းမျိုးကြည်က ῝သက်ဆိုင်ရာမြို့နယ်အလိုက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက်တွေ ရေးဆွဲထားတာ ရှိတယ်၊ ရပ်ကွက်တွေမှာ ပြည်သူလူထုအခြေပြုလုပ်ငန်းလုပ်ရှားမှုတွေရှိတယ်၊ ကျောင်းတွေမှာလည်း ကျောင်းအခြေပြု လုပ်ရှားမှုတွေ လုပ်ဆောင်သွားဖို့ရှိပါတယ်၊ အဖြစ်များတဲ့ ဘားအံမြို့နယ်က အခြေခံပညာကျောင်းတွေမှာ မေလ ၂၇ ရက်နေ့ကနေစပြီးတော့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဌာန၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့  ပညာရေးဌာနတို့ ပူးပေါင်းပြီး တော့ ကာကွယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ အစီအစဉ်ဆွဲထားပြီးသားတွေရှိပါတယ်၊ အုပ်ချုပ်ရေးနဲ့အာဏာပိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း အရေးကြီးပါတယ်၊ ကာကွယ်ရေးလုပ်ငန်းဟာ တစ်ကြိမ်တစ်ခါတည်းလုပ်ရုံနဲ့ ပြီးပြတ်သွားတဲ့လုပ်ငန်းမဟုတ်တဲ့အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ဆိုတဲ့ ကာကွယ်ရေးလုပ်ငန်းတွေကို အမြဲမပြတ်လုပ်နေရမှာဖြစ်ပါတယ်၊ ပြည်သူလူထုကိုယ်တိုင်က အသိရှိရှိပူးပေါင်းပါဝင်လုပ်ကိုင်မှသာ ကျွန်တော်တို့ရဲ့ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းတွေ အောင်မြင်မှာဖြစ်လို့ ပြည်သူလူထုပူးပေါင်းပါဝင်လုပ်ကိုင်ဖို့ အမှန်တကယ်လိုအပ်နေပါတယ်῍  ဟု ပြောသည်။


    
သွေးလွန်တုပ်ကွေးရောဂါကို ကုသပေးနိုင်သော ဆေးဝါးများ တိတိကျကျ မပေါ်သေးဘဲ ကာကွယ်ရေးလုပ်ငန်းများက အထိရောက်ဆုံးနည်းလမ်းဖြစ်သည့်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း အဆိုပါအခမ်းအနားမှ သတင်းရရှိသည်။  

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)