ဘားအံ ၁၃ ဧပြီ
ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီး ကာလဖြစ်သည့် မဟာသကြ်န် ရုံးပိတ်ရက်ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များ ဖြန့်ဝေပေး လျှက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ် လွှတ်တော်ဉက္ကဋ္ဌ ဦးစောချစ်ခင်နှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့ နံနက်ပိုင်းမှ စတင်ကာ ဘားအံမြို့ပေါ် အမှတ်(၁)ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၃၅၀ စုအား လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေပေးရာတွင် ဘားအံမြို့၊အမှတ်(၁)ရပ်ကွက်အတွင်ရှိထောင်စု(၃၅၀)အတွက် အိမ်ထောင်စု တစ်စုလျှင် နိုင်ငံတော်မှထောက်ပံ့သည့်အခြေခံစားသောက်ကုန်(၅)မျိုးဖြစ်သော ဆန်(၈)ပြည်၊ ဆီ(၅၀) ကျပ်သား၊ ဆား(၅၀) ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာတို့ကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ်လွှတ်တော်ဉက္ကဌ ဦးစောချစ်ခင်၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးသန်းနိုင်၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီးဦးစိုးလှိုင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောသန်းထွဋ်နှင့် တာဝန်ရှိသူများသည် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ အကူအညီဖြင့် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ကိုရိုနာဗိုင်းရပ်(စ်) ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဉက္ကဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပြည်သူများတင်ပြချက်ကိုစိစစ်၍ နိုင်ငံတော်အစိုးရမှ အခြေခံ လူတန်းစားများအတွက် စားသောက်ကုန်များ ဖြည့်ဆည်းပေးသည့် အစီအစဉ်ဖြစ်ပြီး ကရင်ပြည်နယ်အတွင်း ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ဖါပွန် လေးခရိုင်တွင် ရပ်ကွက်/ ကျေးရွာ အိမ်ထောင်စု ၉၂၈၆၅ စုအတွက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


