ဘားအံ   ၂၂   ဇွန်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း သံလွင်မြစ်ကမ်းဘေး ကျေးရွာ (၂) ရွာဖြစ်သည့် ဝင်းကျန်ကျေးရွာအုပ်စု၊ ဝင်းကျန်ကျေးရွာနှင့် ထုံးအိုင်ကျေးရွာအုပ်စု၊ ထုံးအိုင်ကျေးရွာနှင့် နောင်လုံးအရှေ့ကျေးရွာအုပ်စု၊ ကျော့ရွာတို့တွင် ကျေးရွာ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ကျေးရွာနေပြည်သူများနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
    
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်းထွေးမြင့်၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး၊ ပြည်နယ်သစ်တော၊ သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ သံလွင်မြစ်ကမ်းဘေးကျေးရွာများဖြစ်သည့် ဝင်းကျန်ကျေးရွာ အုပ်စု၊ ဝင်းကျန်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံများတွင်လည်းကောင်း၊ ထုံးအိုင်ကျေးရွာအုပ်စု၊ ထုံးအိုင် ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံများတွင်လည်းကောင်း ကျေးရွာဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြသည်။

 

mdn


    
ထို့သို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ကျေးရွာ ဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်သွားနိုင်ရေး တင်ပြတောင်းဆိုပေးစေလိုပါကြောင်း ပြောကြားရာ ကျေးရွာဒေသခံများက လျှပ်စစ်မီးရရှိရေး၊ ကျေးရွာချင်းဆက်လမ်း၊ ပညာရေးကဏ္ဍတွင် KG ကျောင်းဆောင်သစ်လိုအပ်ပါကြောင်း စသည်ဖြင့် တင်ပြတောင်းဆိုခဲ့ကြသည်။ ပြည်နယ်ဝန်ကြီးချုပ်သည် တင်ပြတောင်းဆိုမှုများကို ပြည်နယ် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဆောင်ရွက်ပေးနိုင်ရေးညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး သံလွင်မြစ်ကမ်း ထိန်းသိမ်းရေးအတွက် စည်းကမ်းမရှိ သဲစုတ်ယူမှုများမရှိရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မြစ်ကမ်းအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

 

mdn


    
ဆက်လက်၍ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများသည် နောင်လုံးအရှေ့ကျေးရွာအုပ်စု၊ ကျော့ရွာသို့ ရောက်ရှိပြီး ကျော့ရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် နောင်လုံးအရှေ့ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ကျေးရွာနေပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပြီး တင်ပြတောင်းဆိုမှုများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ကျေးရွာလမ်းဆောင်ရွက်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ဘိလပ်မြေအိတ် (၁ဝဝဝ) အတွက် ငွေကျပ်(၅၅)သိန်းအား ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)