ဘားအံ   ဒီဇင်ဘာ   ၂၄

ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ခရစ်ယာန်ဘာသာဝင်များနှင့် ပြည်နယ်သူ၊ ပြည်နယ်သား များအားလုံး ခရစ္စမတ်အခါသမယတွင် ငြိမ်းချမ်းတည်ငြိမ် သာယာဝပြောခြင်းများနှင့် ပြီးပြည့်စုံကြပါစေ ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ ခရစ်ယာန်အသင်းတော် (ဘုရားရှိခိုးကျောင်း)များသို့ သွားရောက်ဂါရဝပြု တွေ့ဆုံစဉ် ဆုတောင်း စကားများ ပြောကြားခဲ့သည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ဘားအံမြို့ပေါ်ရှိ ကရင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် ကရင်နှစ်ခြင်းအသင်းတော်၊ သတ္တမနေ့ ဥပုသ်အသင်းတော်၊ စိန့်ဖရန့်စစ်ဇေးဗီးယဲ ကက်သလစ်ဘုရားရှိခိုးကျောင်း၊ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော် (အင်္ဂလီကန်) ဘားအံသာသနာပိုင်နယ် ရှင်ပေတရုကသီဒြယ် ဘုရားရှိခိုးကျောင်းနှင့် ကရင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ပြည်ထောင်စု/သာယာကုန်း နှစ်ခြင်းအသင်းတော်များသို့ သွားရောက်ပြီး ခရစ်တော်မွေးနေ့တွင် ဂုဏ်တော် (ကျေးဇူးတော်)ကို ချီးမွမ်းသောအားဖြင့် သင်းအုပ်ဆရာ၊ ဂိုဏ်းအုပ်ဆရာ၊ နယ်စီးသာသနာပိုင်ကြီး၊ လက်ထောက်သင်းအုပ်ဆရာ၊ Father ၊ သင်းထောက်၊ အသင်းလူကြီး၊ အမျိုးသမီး ခေါင်းဆောင်များအား ခရစ်ယာန် အသင်းတော် (ဘုရားရှိခိုးကျောင်း) များအလိုက် သီးခြားစီ ဂါရဝပြုတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က “နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲဖြစ်ပေါ်နေမှု အခြေအနေများ၊  ဒေသတွင်း တည်ငြိမ်းအေးချမ်းရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး မိမိတို့၏  ကိုးကွယ်ရာ၊ ယုံကြည်ရာကို ငြိမ်းချမ်း လွတ်လပ်စွာနှင့် စည်းလုံးညီညွတ်စွာ အတူယှဉ်တွဲနေထိုင်ပြီး လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါကြောင်း၊ ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ခရစ်ယာန်ဘာသာဝင်များနှင့် ပြည်နယ်သူ၊ ပြည်နယ်သားများအားလုံး ခရစ္စမတ်အခါသမယတွင် ငြိမ်းချမ်းတည်ငြိမ် သာယာဝပြောခြင်းများနှင့် ပြီးပြည့်စုံကြပါစေကြောင်း ဆုတောင်းစကားပြောကြားခဲ့ပြီး ခရစ်ယာန်အသင်းတော် (ဘုရားရှိခိုးကျောင်း) များ၏ သင်းအုပ်ဆရာ၊ ဂိုဏ်းအုပ်ဆရာတော်နှင့် နယ်စီးသာသနာပိုင်ကြီးတို့အား ခရစ္စမတ် အထိမ်းအမှတ် ဂါရဝလက်ဆောင်နှင့်အလှူငွေများ ပေးအပ်ခဲ့ရာ သင်းအုပ်ဆရာ၊ ဂိုဏ်းအုပ်ဆရာတော်နှင့် နယ်စီး သာသနာပိုင်ကြီးတို့ကလည်း ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များအား ခရစ္စမတ်အထိမ်းအမှတ် လက်ဆောင်များ ပြန်လည်ပေးအပ်သည်။

ထို့အတူ ဘားအံမြို့ပေါ်ရှိ ခရစ်ယာန်အသင်းတော် (ဘုရားရှိခိုးကျောင်း)များမှ သင်းအုပ်ဆရာ၊ ဂိုဏ်းအုပ်ဆရာ၊ နယ်စီးသာသနာပိုင်ကြီးတို့မှလည်း ခရစ္စမတ် ဆုမွန်ကောင်း စကားများပြောကြား၍ ဆုတောင်းမေတ္တာ ပို့သပေးခဲ့ကြကြောင်း သိရှိရသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)