ဘားအံ ၁၉ ဇူလိုင်
နိုင်ငံတော်အတွက် အသက်ပေးလှူသွားသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ ကရင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်နှင့် တာဝန်ရှိသူများသည် ဇူလိုင်လ(၁၉)ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က ကရင်ပြည်နယ်၊ ဘားအံမြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ဓမ္မာရုံ၌ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။
ဆွမ်းဆက်ကပ်လှူဒါန်းပွဲတွင် ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒစရိယ ဓမ္မဝါသီကျောင်းတိုက်ပဓာန နာယကဆရာတော် ဘဒ္ဒန္တအာဒိစ္စထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား မွန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဦးမင်းတင်ဝင်းက သာသနာတော်ဆိုင်ရာများ လျှောက်ထားတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးစောစံလင်း၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများက ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ရေစက်သွန်းချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကာ ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


