ဘားအံ ၁၇ ဇွန်
လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်အရ အသက်(၈၅)နှစ်နှင့် အထက် အဘိုးအဘွားများ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ကိုဗစ်-၁၉ ကာလ အပိုဆောင်းထောက်ပံငွေများ ထောက်ပံ့ပေးလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်တို့သည် ဇွန် ၁၇ ရက် ညနေ ၄ နာရီက ထောင်ဝိသာသနာ့ရံသီတိုက်ကျောင်း၌ အကျိုးခံစားခွင့်ရှိသူများအား ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့ပေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၇)ရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့် အထက် အဘိုးအဘွား(၁၂)ဦး၊ ကိုယ်ဝန်ဆောင်မိခင်(၅၄)ဦးနှင့် အသက်(၂)နှစ် အောက်ကလေးငယ် (၁၁၆)ဦးတို့အတွက် ကိုဗစ်-၁၉ ကာလအပိုဆောင်းထောက်ပံ့ငွေ ကျပ် ၅၄၆၀ဝ၀ဝ ကိုလည်းကောင်း၊ အမှတ်(၈)ရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့် အထက် အဘိုးအဘွား(၇)ဦး၊ ကိုယ်ဝန်ဆောင်မိခင်(၁၇)ဦးနှင့် အသက်(၂)နှစ် အောက်ကလေးငယ် (၆၆)ဦးတို့အတွက် ကိုဗစ်-၁၉ ကာလအပိုဆောင်းထောက်ပံ့ငွေ ကျပ် ၂၇၀ဝ၀ဝ၀ ကိုလည်းကောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးမိခင်များအတွက် အဝတ်နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့သည်။
အလားတူ ဇွန် ၁၆ ရက် မွန်းလွဲပိုင်းက ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ နိဗ္ဗိန္ဒဘုန်းတော်ကြီးကျောင်း၌ အမှတ်(၆)ရပ်ကွက်မှ အသက်(၈၅)နှစ်နှင့် အထက် အဘိုးအဘွား(၃၀)ဦး၊ ကိုယ်ဝန်ဆောင်မိခင်(၄၉)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ်(၁၀၉)ဦးတို့အတွက် ကိုဗစ်-၁၉ ကာလ အပိုဆောင်းထောက်ပံ့ငွေ ကျပ် ၅၆၄၀ဝ၀ဝ ကိုလည်းကောင်း၊ အမှတ်(၄)ရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့် အထက် အဘိုးအဘွား(၆၄)ဦး၊ ကိုယ်ဝန်ဆောင်မိခင်(၅၃)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ် (၁၃၅)ဦးတို့အတွက် ကိုဗစ်-၁၉ ကာလ အပိုဆောင်းထောက်ပံ့ငွေ ကျပ် ၇၅၆၀ဝ၀ဝ ကိုလည်းကောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


