ဘားအံ၊ ၄ ဒီဇင်ဘာ
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ လိုက်ပါလျက် ဒီဇင်ဘာ ၃ ရက်နေ့ မွန်းလွဲပိုင်းခန့်က ဘားအံမြို့နယ်၊ ကျောက်တစ်လုံး (ဝင်းဒရယ်) ကျေးရွာအုပ်စုရှိ ဓာတ်ကျိုက်ဂူငါးဘေးမဲ့ဇုန် ဆောင်ရွက်ထားမှုအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေ့ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ရွှေပြည်အေး မဟာမင်္ဂလာမဏ္ဍပ်တော်ကြီး၌ ဓာတ်ကျိုက်ဂူဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းနှင့် ဆန်၊ ဆီ၊ ကြက်သွန်တို့အား ဆက်ကပ်လှူဒါန်းခဲ့ပြီး ဘားအံမြို့နယ်၊ ကျောက်တစ်လုံး (ဝင်းဒရယ်) ကျေးရွာအုပ်စု၊ သစ်ဖြူပင်ဆိပ်ကျေးရွာ၊ ဓာတ်ကျိုက်ဂူအနီး ကွင်းအမှတ် (OSS 29)နှင့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းဖုန်းကျေးရွာ၊ ဝင်းဖုန်းကွင်းအမှတ် (၄၆၈)၊ စုစုပေါင်းဧရိယာဧက (၁၁ ဒသမ ၄၄၆) ဧကရှိ ဒုံသမိချောင်း အရှည် ၂၅၀၀ ပေအား ဓာတ်ကျိုက်ဂူငါးဘေးမဲဇုန် ဆောင်ရွက်ထားမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေးရာ ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဘေးမဲဇုန်ဆောင်ရွက်ထားမှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(ပြန်/ဆက်)


