ကော့ကရိတ်  ၁၇   ဖေဖော်ဝါရီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းမှ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကော့ကရိတ် သုံးဆယ့်သုံးဆူကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဒေသနေ ပြည်သူများ နှင့် ယမန်နေ့ နံနက် (၉)နာရီက တွေ့ဆုံပွဲကို ကျင်းပပြုလုပ်သည်။

 

အဆိုပါ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ယနေ့လာရောက်ခြင်းသည် ဒေသနေပြည်သူတို့၏ လူမှုအခက်အခဲများ၊ စီးပွားရေးဆိုင်ရာ အခက်အခဲများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ဒေသနေပြည်သူတို့၏ လိုအပ်ချက်များကိုလည်း ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များနှင့်ပတ်သက်၍ အမှာစကား ရှင်းလင်း ပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာသည့် သုံးဆယ်သုံးဆူကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ၊ အနီးပတ်ဝန်းကျင် ကျေးရွာပြည်သူများက ကျောင်းဆောင်သစ်ဆောက်လုပ်ရေး၊ ဆရာ၊ဆရာမနေအိမ်ရရှိရေး၊ ရေသန့်စက်ရရှိရေး၊ ကျေးရွာချင်းဆက်တံတားရရှိရေး၊ ကျေးရွာစာကြည့်တိုက်တိုးချဲ့ ဆောက်လုပ်ရေးစသည့် ဒေသလိုအပ်ချက်များ တင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့များသည် တက်ရောက်လာသည့် ကလေးငယ်များကို မုန့်များဝေငှခြင်း၊ ဆရာဆရာမများကို ငါးသေတ္တာ၊ စားသုံးဆီဗူးများနှင့် ကျောင်းအတွက်ဆိုလာနှင့် ဆက်စပ်ပစ္စည်းနှစ်စုံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခင်မျိုးဝင်း(မြို့နယ် ပြန်ဆက်)