မြဝတီ ၂ မတ်
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက် ၉ နာရီခွဲက မြဝတီမြို့သို့ရောက်ရှိရာ မြဝတီမြို့ရှိ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် မြဝတီမြို့၊ City Home ခန်းမတွင် မြဝတီမြို့ရှိ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင် ရာအကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး ဒေသအလိုက် တာဝန်ရှိသူများအနေဖြင့် တာဝန်ကျေရန်လိုအပ်ပြီး တာဝန်ကျေပွန်ပါက လုပ်ငန်းများ အောင်မြင်မည် ဖြစ်ကြောင်း၊ လုပ်ငန်းများ အောင်မြင်စေရန်မှာလည်း အားလုံးက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားရှိ BCF ဇုန်တည်ဆောက်ရေး လုပ်ငန်းများ၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ အိမ်ရာစီမံကိန်းဆောင်ရွက်မည့် မြေနေရာ၊ အမှတ်(၆)ရပ်ကွက်ရှိ 66 KV ဓါတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းများနှင့် သင်္ဃန်းညီနောင်ကျေးရွာရှိ 230 KV ဓါတ်အားခွဲရုံ တည်ဆောက်ရေး လုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးကဲများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)


