ဘားအံ ၈ စက်တင်ဘာ
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် စာတက်မြောက်ရေးဖွံဖြိုးဖို့ တိုင်းရင်းသားဘာသာစာပေမြှင့်တင်စို့ ဆောင်ပုဒ်ဖြင့် ၂၀၁၉ ခုနှစ် နိုင်ငံတကာစာတက်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြသံလွင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်သည်။
ရှေးဦးစွာ ဘားအံမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက တို့အင်တို့အား သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကားကာ ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဆရာမကြီးဒေါ်မြင့်မြင့်ဝင်းက နိုင်ငံတကာ စာတက်မြောက်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာကို ဖတ်ကြားသည်။
ထို့နောက် ဘားအံမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ ဦးစောချစ်ခင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးစောစံလင်း၊ ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်နှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်တို့က နိုင်ငံတကာ စာတက်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ကာ ဘားအံမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက လူတိုင်းအတွက်ပညာရေး သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ တိုင်းရင်းသားဘာသာစာပေ သင်ကြားလျက်ရှိသော တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ပြီး နိုင်ငံတကာစာတက်မြောက်ရေး အထိမ်းအမှတ် လှုပ်ရှားမှုပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ကရင်ပြည်နယ်တွင် စာတက်မြောက်ရေးလုပ်ငန်းများကို ၂၀၁၃ ခုနှစ်တွင် ဘားအံမြို့နယ်၊ ၂၀၁၄ တွင် ကော့ကရိတ် မြို့နယ်၊ ၂၀၁၅ တွင် မြဝတီမြို့နယ်၊ ၂၀၁၆ တွင် လှိုင်းဘွဲမြို့နယ်၊ ၂၀၁၇ တွင် ပြည်နယ်လုံးကျွတ်နှင့် ခရိုင်လုံးကျွတ် စာတက်မြောက်ရေးအသွင်ဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသားဘာသာစာပေသင်ကြားမှုအနေဖြင့် အရှေ့ပိုး၊ အနောက်ပိုး၊ စကော၊ ပကညော၊ မွန်၊ ပအိုဝ်း၊ ကယန်း၊ ကယော၊ ဂေဘား၊ ဘွဲ၊ ရှမ်း၊ လေးကွယ်ကော် အစရှိသည့် ဘာသာရပ်(၁၂)မျိုး သင်ကြားနေကြောင်း၊ ပြည်နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၁၈၁၂ ကျောင်းရှိသည့်အနက် ၁၄၄၃ ကျောင်းမှာ တိုင်းရင်းသားဘာသာစာပေများ သင်ကြားနေပြီဖြစ်ကြောင်း၊ တိုင်းရင်းသားဘာသာစာပေ သင်ကြားပေးနိုင်ရန် ပြင်ပပုဂ္ဂိုလ်နှင့် နေ့စားလပေး(TA) ဆရာ၊ ဆရာမ ၂၁၆၄ ဦးခန့်ထားပေးခဲ့ပြီး ယခုနှစ်တွင် နေ့စားလပေး(TA) ၈၀၅ ဦးကို ထပ်မံခန့်ထားပေးပြီးဖြစ်ကြောင်း၊ တိုင်းရင်းသားစာပေသင်ကြားမှု ရရှိလာသည်နှင့်အမျှ ဘာသာစကားအခက်အခဲ နည်းပါးမှုရှိလာပြီး အတန်းပညာသင်ကြားရေးတွင် စိတ်ပါဝင်စားမှုမြှင့်လာကာ ဒေသအတွက် အသိပညာရှင်၊ အတတ်ပညာရှင်များ ပိုမိုတိုးပွားလာစေမည်ဖြစ်ကြောင်း အဆိုပါအခမ်းအနားမှ သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


