ဘားအံ ၉  ဖေဖေါ်ဝါရီ 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ရှမ်းရွာသစ်မြို့ ဒေသဖွံဖြိုးရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ နံနက် ၈ နာရီခွဲက ရှမ်းရွာသစ်မြို့ သန္တိသုခကျောင်းတိုက် စိတ္တသုခဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

ထိုတွေ့ဆုံပွဲသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရှမ်းရွာသစ်မြို့ရှိ ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုမှဒေသခံပြည်သူများတက်ရောက်ခဲကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အသက်မွေးဝမ်းကြောင်းအလုပ် အကိုင်အခွင့်အလမ်းများ၊ စိုက်ပျိုးမွေးမြူရေးအခြေအနေ၊  ကိုယ်ဝန်ဆောင်မိခင်၊ အသက်(၂)နှစ်အောက်ကလေးနှင့် သက်ကြီးဘိုးဘွားများ လူမှုရေးပင်စင်ထောက်ပံ့ငွေရရှိမှုအခြေအနေများအား မေးမြန်း၍ မိမိတို့ဒေသဖွံဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်လိုသည်များ၊ လိုအပ်သည်များနှင့် အခက်အခဲများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြကြရန် ပြောကြားရာ ဒေသခံများက နွေရာသီရေရရှိရေး၊ စိမ့်စမ်းရေသွယ်တန်းရရှိရေး၊ မီးလင်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသည့်လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

a

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ လှိုင်းဘွဲမြို့နယ်ရုံးနှင့် ရှမ်းရွာသစ်မြို့ရုံးတို့မှ ဝင်းစိန်၊ ရင်းပိုင်း၊ ကွီးလေး၊ မဲသမူ၊ မဲလောခီး ကျေးရွာအုပ်စုများသို့ (အခမဲ့) ကွင်းဆင်းဆောင်ရွက်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၅၂၃)ကတ်နှင့် အိမ်ထောင်စုလူဦးရေဇယား ( ၃၁ ) စောင် တို့အားပေးအပ်ရာ ဒေသခံပြည်သူများက လက်ခံရယူခဲ့ကြသည်။
 
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဌာနဆိုင်ရာများ နှင့် ဒေသခံပြည်သူများ အတွက် ဆိုလာကြီး (၄)စုံ၊ လက်စွဲဆိုလာမီးအိမ် (၃၀)ပါ သုံးဖါ၊ ဆီ၊ ကြက်သားဗူး၊ ခေါက်ဆွဲခြောက်၊ ငါးပိ အစရှိသည့် လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
 
အဆိုပါ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲသို့ ကရင်အမျိုးသားအစည်းအရုံး ( KNU ) စစ်ဦးစီးချုပ် စောဂျော်နီနှင့် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ရှမ်းရွာသစ်မြို့ ခရီးသွားလုပ်ငန်း အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ပရေတြေတို ရေတံခွန်သို့ သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)