ဘားအံ မတ် ၁၅

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများကြောင့် လမ်း၊ တံတား၊ အခြေခံအဆောက်အအုံများ၊ ဘာသာရေးအဆောက်အအုံများ၊ လူနေရပ်ကွက်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ယခုအခါ တပ်မတော်က ပြန်လည်ထိန်းချုပ်၍ နယ်မြေတည်ငြိမ်အေးချမ်းမှု အားကောင်းလာသည်နှင့်အမျှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ပေးအပ်ချီးမြှင့်

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီလမ်းပေါ်ရှိ (ကျုံဒိုးနှင့် ကော့ကရိတ်မြို့ကြား) အကြမ်းဖက် သောင်းကျန်းသူများ၏ မိုင်းခွဲဖျက်ဆီးခြင်းကြောင့် ထိခိုက်ပျက်စီးသွားသော (၄)တိုင်ကျေးရွာ ညီညာ သာလင်းတံတားအပေါ် သံကူကွန်ကရစ်တံတား ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းခွင်ကို ရောက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားကာ တံတားပြုပြင်တည်ဆောက်ရေး လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး၍ လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသော နယ်မြေခံတပ်မတော်သားများအတွက် အသား၊ ငါး၊ လက်ဖက်၊ ဟင်းသီးဟင်းရွက်အစရှိသော စားသောက်ကုန်ပစ္စည်းများကို ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီ လမ်းပေါ်ရှိ (ကျုံဒိုးမြို့နှင့် ကော့ကရိတ်မြို့ကြား) အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းခွဲဖျက်ဆီးခြင်းကြောင့် ထိခိုက်ပျက်စီးသွားသော ငါးတိုင်တံတားအား သံကူကွန်ကရစ်တံတားအသစ် တည်ဆောက်ခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းခွင်တွင် နယ်မြေခံတပ်မတော်သားများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးကာ အဆိုပါဒေသတွင် လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသော နယ်မြေခံတပ်မတော်သားများအား အသား၊ ငါး၊ လက်ဖက်၊ ဟင်းသီးဟင်းရွက် အစရှိသော စားသောက်ကုန်ပစ္စည်းများကို ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် တံတားကျိုး(ကော့ကရိတ်) စုပေါင်းစစ်ဆေးရေးစခန်းသို့ ရောက်ရှိပြီး ကုန်စည်များ ပြန်လည်စီးဆင်းနိုင်ရေး၊ စစ်ဆေးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေး၊ ကော့ကရိတ်မြို့နှင့် ပတ်ဝန်းကျင်ဒေသ လျှပ်စစ်မီးများ ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)