ဘားအံ ၁၄ ဧပြီ

 

ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များ ဖြန့်ဝေပေးနေလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ဧပြီလ(၁၄)ရက်နေ့၊ နံနက်(၈)နာရီမှ စတင်ကာ ဘားအံမြို့ အမှတ်(၃)ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရရှိသော အိမ်ထောင်စုများအား ဆက်လက်၍ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါနေ့က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်မီးသတ်တပ်ဖွဲ့မှူး၊ မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၃) ရပ်ကွက်၊ ကူးဆိပ်လမ်းရှိ ဓမ္ပပီယဘုန်းတော်ကြီးကျောင်းရှေ့မှ စတင်ကာ အိမ်ထောင်စု (၇၇)စုအတွက် အိမ်ထောင်စု တစ်စုလျှင် နိုင်ငံတော်မှထောက်ပံ့သည့် အခြေခံစားသောက်ကုန် (၅)မျိုး ဖြစ်သော ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား (၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်နီ(၁) ပိဿာတို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

 

ဘားအံမြို့ပေါ်(၉)ရပ်ကွက်တွင် အိမ်ထောင်စု(၄၂၀ဝ)ကျော်၊ ကရင်ပြည်နယ်အတွင်း ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ဖာပွန်လေးခရိုင်တွင်ရပ်ကွက်/ကျေးရွာ အိမ်ထောင်စု ၉၂၈၆၅စုကို ဧပြီလ(၁၀)ရက်နေ့မှ စတင်ကာ ထောက်ပံ့ပေးနေလျက်ရှိကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)