ဘားအံ ၁၅ ဧပြီ

 

ကရင်ပြည်နယ်အတွင်း Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များ တစ်ပြည်နယ်လုံးကို ဧပြီ ၁၀ ရက်မှ စတင်ကာ ဖြန့်ဝေပေးနေလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ဧပြီ ၁၅ ရက် နံနက် ၈ နာရီက ဘားအံမြို့ အမှတ်(၆)ရပ်ကွက်နှင့် သာမညကျေးရွာရှိ ပုံမှန်ဝင်ငွေမရရှိသော အိမ်ထောင်စုများအား ဆက်လက်၍ လိုက်လံဖြန့်ဝေပေးခဲ့ပြီး ထပ်မံရောက်ရှိလာမည့် နေရပ်ပြန်များအား ကန့်သတ်စောင့်ကြည့်မည့် လူထုအခြေပြုစောင့်ကြည့်စခန်း Quarantine နေရာများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ky1

 

ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုးနှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ အိမ်ထောင်စု (၃၈၃)စု အတွက်လည်းကောင်း၊ နောင်လုံအရှေ့ကျေးရွာရှိ အိမ်ထောင်စုများ၊ အိန္ဒုကျေးရွာ အိမ်ထောင်စု (၂၅၁)စု၊ သာမညကျေးရွာ အိမ်ထောင်စု (၅၀၈)စုတို့အတွက်လည်းကောင်း အိမ်ထောင်စုတစ်စုလျှင် နိုင်ငံတော်မှထောက်ပံ့သည့် အခြေခံစားသောက်ကုန် (၅)မျိုးဖြစ်သော ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာတို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထပ်မံရောက်ရှိလာမည့် နေရပ်ပြန်လာသူများကို ကန့်သတ်စောင့်ကြည့်သည့် နေရာများအဖြစ် ဆောင်ရွက်ထားရှိမည့် အိန္ဒု အ.ထ.က ကျောင်း၊ သာမည အ.ထ.က ကျောင်းခွဲ၊ ဝဲကရင် အ.ထ.က ကျောင်း၊ ကော့ကဒါ အ.ထ.က ကျောင်း၊ ခနိမ်းဒို အ.ထ.က ခွဲကျောင်း၊ ဘားအံတက္ကသိုလ်အနီး အဓိပတိလမ်းရှိ Community Centre နှင့် ပညာစံအိမ် ကိုယ်ပိုင်အထက်တန်းကျောင်းတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)