ဘားအံ ၁ ဖေဖော်ဝါရီ
ကရင်ပြည်နယ်မြောက်ဖျား တောင်တန်းဒေသဖြစ်သော သံတောင်ကြီးမြို့နယ်အတွင်းရှိ သံတောင်မြို့၊ ဘောဂလိမြို့တို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက ရောက်ရှိခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ဦးစွာပသိချောင်းဘေး ယခင်ပသိမြိုင်နေရာတွင် အများပြည်သူများ အပန်းဖြေနိုင်ရန် ဆောင်ရွက်မည့် စီမံကိန်းနေရာအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင် သာယာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက အဆိုပါစီမံကိန်းတွင် ပန်းခြံအပါအဝင် ပသိချောင်းကူးတံတား၊ ကွန်ကရစ်လျှောက်လမ်း၊ တည်းခိုရိပ်သာ၊ စားသောက်ဆိုင်၊ ယာဉ်ရပ်နားဆောင်နှင့် အများသုံး သန့်စင်ခန်းများ ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ သံတောင်မြို့ ပသိချောင်းသည် အနယ်နယ်အရပ်မှ အပန်းဖြေ လည်ပတ်သူများ များပြားလျက်ရှိသောကြောင့် အခြားဒေသများနှင့် မြို့ခံ ဒေသခံပြည်သူများအတွက် အပန်းဖြေနိုင်မည့် နေရာတစ်ခုလည်း ဖြစ်လာမည်ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ အလားတူ ပသိချောင်းခန်းမဆောင် အကြီးစား ပြင်ဆင်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် သံတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သော သိမ်းဆည်းမြေများ ပြန်လည်စွန့်လွှတ်ပေးအပ်ပွဲ အခမ်းအနားသို တက်ရောက်ပြီး ပိုင်ဆိုင်ခွင့်ရှိသူ ဒေသခံတစ်ဦးအား ပြန်လည်ပေးအပ်ခဲ့ပြီး တောင်ငူ - သံတောင် - ဘောဂလိ - မော်ချီးသွား လမ်းပေါ်ရှိ ပလက်ဝချောင်းကူးတံတား အဟောင်းသည် သောက်ရေခပ် ရေအားလျှပ်စစ်စီမံကိန်း ၂ အတွက် ရေလှောင်တံမံ ဆောင်ရွက်ရာတွင် ရေအောက်နစ်မြုပ်ခဲ့သဖြင့် ရွှေစွမ်းအင်ကုမ္ပဏီ လီမိတက်မှ တည်ဆောက်ပေးသော အရှည်ပေ ၈၀ဝ အမြင့် ၁၂၃ ပေ၊ အကျယ် ၂၉.၅ ပေ ၂ လမ်းသွား ပလက်ဝချောင်းကူးတံတား တည်ဆောက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘောဂလိမြို့သို့ရောက်ရှိပြီး အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ဒေသခံများနှင့်တွေ့ဆုံပြီး ဘောဂလိမြို့အတွင်းရှိ ဒေသခံများအတွက် ဆောင်ရွက်ပြီးစီးပြီးဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၀၄) ကတ်နှင့် အိမ်ထောင်စုစာရင်း (၇၈) ခုကိုလည်းကောင်း၊ နိုင်ငံ့တော်အစိုးရမှ ထောက်ပံ့သော အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွား (၄၄) ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် (၁၃၂၀ဝ၀ဝ) ကျပ်ကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင် (၁၂၁)ဦး၊ အသက် (၂)နှစ်အောက်ကလေးငယ် (၂၆၀) ဦး စုစုပေါင်း (၃၈၁) ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေ (၁၆၈၉၀ဝ၀ဝ) ကျပ်အားလည်းကောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပေးအပ်ပေးရာ တာဝန်ရှိသူများနှင့် ပိုင်ဆိုင်ခွင့်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း၊ တက်ရောက်လာကြသော ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အထကကျောင်းအတွက် ဗလာစာအုပ်နှင့် စာရေးကရိယာများ၊ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များအတွက် အာဟာရရှိ အစားအစာများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)