ဘားအံ မေ ၃

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ လိုက်ပါ၍ ဘားအံတက္ကသိုလ်ရှိ အတန်းအားလုံးနှင့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ ပထမနှစ်သင်တန်း တက်ရောက်နိုင်ရေး  ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှု အခြေအနေများကို မေ ၃ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ကထိက၊ ဌာနမှူးများက ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများအား လိုက်လံရှင်းလင်း တင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံတက္ကသိုလ် အဝေးသင်နောက်ဆုံးနှစ်(သိပ္ပံတွဲ) ပထမအသုတ် စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အဆိုပါစာမေးပွဲကို အဝေးသင်နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူ ၆၃ ဦးက ဧပြီ ၂၈ ရက်မှ မေ ၄ ရက်ထိ ဖြေဆိုသွားမည်ဖြစ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် Excellent Unity Co., Ltd မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော အလျား ၁၀၅ ပေ၊ အမြင့် ၁၆ ပေရှိ ဘားအံတက္ကသိုလ်မုခ်ဦး တည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)