ဘားအံ ဇွန် ၂၁

 

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇွန် ၂၁ ရက် နံနက်ပိုင်းက ဘားအံမြို့ ဒေသဖွံ့ဖြိုးရေး လမ်း၊ တံတားလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့ဝင်လမ်းအား မြို့တော်အင်္ဂါရပ်များနှင့်အညီ ဖြစ်စေရေး အေးကိုမိသားစုကုမ္ပဏီလီမိတက်မှ BOD စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော တြိဂံလမ်းဆုံ ၀ ကီလိုမီတာမှ ဘားမဲတောင်ခြေ ၄ ဒသမ ၇၆ ကီလိုမီတာထိ ၂၄ ပေအကျယ်လမ်းအား တစ်ဖက်လျှင် ၆ ပေစီအကျယ်ချဲ့၍ ၃၆ ပေအကျယ် နိုင်လွန်ကတ္တရာလမ်းအဖြစ် လမ်းအကျယ်ချဲ့ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးရာ ကရင်ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ညို၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လမ်းအကျယ်နှင့် မလွတ်ကင်းသည့်အပင်များအား ရှင်းလင်းဆောင်ရွက်နိုင်ရေး၊ လမ်းမီးတိုင်များ ရွေ့ပြောင်းစိုက်ထူနိုင်ရေး၊ Box Culvert များ၊ တံတားငယ်များ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ ကျန်ရှိသည့် လမ်းပိုင်းဖြစ်သော ဘားမဲတောင်မှ ရွှေယာဉ်မျှော်ဘုရားထိ ဘားအံမြို့  ကမ်းနားလမ်းအပိုင်းကိုလည်း ၂၄ ပေလမ်းမှ ၃၆ ပေအကျယ် နိုင်လွန်ကတ္တရာ(AC) လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၁ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့သော ဘားအံမြို့ရှောင်လမ်း သံလွင်တံတားသုံးမြှောင့်လမ်းဆုံ ၀ ကီလိုမီတာမှ လှာကဒေါင်ကျေးရွာ ၅ ဒသမ ၄ ကီလိုမီတာထိ လမ်းဘေးဝဲယာတစ်လျှောက်တွင် ရှင်သန်ကြီးထွားရန် အကောင်းဆုံးအရွယ်ရှိသော အပင်ပေါင်း ၂၈၀၀ ကျော် စိုက်ပျိုးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ရန်ပုံငွေကျပ် ၂၁၂ ဒသမ ၃၈၂ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော ရေကျော် - လှိုင်းပုံ - လှာကမြင်လမ်းပေါ်ရှိ အကျယ်  ၂၄ ပေ၊ အရှည်ပေ ၆၀ ရှိ သံကူကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် ပြည်နယ်ရန်ပုံငွေကျပ် ၈၅ ဒသမ ၃၂၉ သန်းဖြင့် ဆောင်ရွက်သော လှာကမြင်(ကွက်သစ်)ရှိ ဇွဲကပင် အဆင့်မြင့်အားကစားကွင်း အဝင်လမ်းအား Box Culvert တစ်စင်းအပါအဝင် ကွန်ကရစ်လမ်းခင်းခြင်း၊ အုတ်စီရေမြောင်း ဆောင်ရွက်ခြင်း လုပ်ငန်းခွင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)