ဘားအံ စက်တင်ဘာ ၂၆

 

ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့အား ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်သော သဘာဝ ခရီးသွားမြို့တော်ဖြစ်စေရေးနှင့် သန့်ရှင်းသာယာလှပသော အစိမ်းရောင်မြို့တော် ဖြစ်စေရေး  ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဘားအံမြို့တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့အဝင် (မော်လမြိုင်ဘက်ခြမ်း)  အလျား ၇၀ ပေ၊ အနံ ပေ၊ အမြင့် ၂၅ ပေရှိ ဖားစည်ကျွဲချိုမုခ်ဦးခုံးအား ပိုမိုခန့်ငြားတင့်တယ်လှပစေရန် မွမ်းမံ ဆောင်ရွက်နိုင်ရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် လှာကမြင်ကွက်သစ်ရှိ မြေဧရိယာ ၅ ဒဿမ ၁၀ ဧကပေါ်တွင် လှာကမြင်မြို့သစ် ပန်းခြံတည်ဆောက်ရေး လုပ်ငန်းခွင်၌ ၁၀ ပေအကျယ် လူသွား လျှောက်လမ်းများ ၄၆၃၇ ပေ၊ ၆ ပေအကျယ် လျှောက်လမ်းများ ၁၇၄၀ ပေ၊ ရေပန်း ၂ ခု၊ ရေကန် ၂ ခု၊ ရေတံခွန် ၁ ခု၊ ဂုံးတံတား ၁ ခု၊ နားနေဆောင်ငယ် ၅ ခု၊ ပစ္စည်း ၁၀ မျိုးပါ ကလေး ကစားကွင်းတစ်ကွင်း၊ ပန်းအလှပင် ၁၅၀၀၀ ပင်ခန့်၊ မြက်ခင်းပြင် ၆၉၃၀၉ စတုရန်းပေ၊ ၄ ခန်းတွဲ အများသုံးသန့်စင်ခန်း ၂ လုံး၊ အလိုအလျောက် ရေဖြန်းစနစ်နှင့် မီးအလှဆင်ခြင်းလုပ်ငန်း၊ ပိုးကရင် ရိုးရာအိမ်နှင့် စကောကရင် ရိုးရာအိမ်တည်ဆောက်ပြီးစီးမှု၊ အောက်တိုဘာလ နောက်ဆုံးပတ်တွင် ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်  ကမ္ဗည်းမော်ကွန်း ကျောက်စာ တိုင်ဆောင်ရွက်မည့် နေရာတို့ကိုကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူ၊ အင်ဂျင်နီယာမှူးကြီး ဦးစိုးလွင်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံ-လှိုင်းဘွဲ လမ်းမကြီးဘေးရှိ အမှတ် (၂) အဆင့်မြင့်စံပြဈေးကြီးရှေ့တွင် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးအတွက် အဆိုပါဈေးကြီးရှေ့၌ ယာဉ်ရပ်နားရာ နေရာတစ်ခုတည်ဆောက်ပေးနိုင်ရေး မြေနေရာကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံမြို့ အမှတ် (၁) ရပ်ကွက်၊ ကျော်ဇေယျလမ်းနှင့် အ.ထ.က(၄) ကျောင်းလမ်း(မြို့ပတ်လမ်း) တို့ကို ချိတ်ဆက်ထားသော မန်းနဲစံလမ်း အရှည် ၁၃၄၇ ပေ၊ အကျယ်ပေ (၅၀) မြေသားလမ်းသစ် ဖောက်လုပ်ပြီးစီးမှုနှင့် ၂၄ ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လမ်း  level မှန်ကန်မှု ရှိစေရေး   လမ်းအဝင်ထိပ်ဝတွင် လမ်းကွေ့အကျယ် ကွန်ကရစ်ခင်းရန်၊  guard rail တန်းနှစ်ဖက် တပ်ဆင်သွားရန် လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်