ဘားအံ ဖေဖော်ဝါရီ ၅
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက ဘားအံမြို့နယ်အတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံဂေါက်ကလပ်၌ ပြုလုပ်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲသို့ တက်ရောက်ပြီး ဂေါက်သီးရိုက်၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံမြို့နယ် ကော့မရမ်းကျေးရွာ၌ သမဝါယမနှင့် ကျေးလက်ဒေသ ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ(၆)လ ဘတ်ဂျက် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသော ကျေးလက် ရေပေးဝေရေးလုပ်ငန်း၊ အမြင့်တင်ရေစင် ဆောက်လုပ်ခြင်းနှင့် ရေပိုက်သွယ်တန်းခြင်း လုပ်ငန်းတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးရာ ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦရန်မျိုးနိုင်နှင့် တာဝန်ရှိသူများက ကော့မရမ်းကျေးရွာ ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒေသခံပြည်သူများက မြစိမ်းရောင် ကျေးရွာစီမံကိန်း ချေးငွေရရှိနိုင်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး တောင်သူ ဦးစောချန်ချန်၏ တစ်နိုင်တစ်ပိုင် ဝက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံမြို့နယ်၊ ကော့ဒါန်းမယ်ကျေးရွာ မြစိမ်းရောင်စီမံကိန်း ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ မြစိမ်းရောင်ချေးငွေ (အရင်းမပျောက် မတည်ရန်ပုံငွေဖြင့်) ဆောင်ရွက်သော လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးမေးမြန်းရာ ကော်မတီဝင်များက ပြန်လည် ရှင်းလင်း တင်ပြခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကော့ဒါန်းမယ် မင်္ဂလာဇေယုံကျောင်း တိုက်အုပ်ဆရာတော် ဥူးပညာဝံသအား သွားရောက်ဖူးမြော် ကြည်ညိုကြ၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကော့ဒါန်မယ်ကျေးရွာ၌ မြစိမ်းရောင် စီမံကိန်းဖြင့် ဆောင်ရွက်သော စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်စုံဆိုင်လုပ်ငန်း၊ နွားမွေးမြူရေးလုပ်ငန်းနှင့် အတိုးရငွေဖြင့် ကျေးရွာခန်းမတည်ဆောက်မည့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ(၆)လ ဘတ်ဂျက်တွင် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သော ဘားအံမြို့နယ်၊ ထုံးအိုင်-ကော့သံခါ ကျေးရွာ ကုန်ထုတ်လမ်း ၁ မိုင် ၂ ဖာလုံအား ၁၆ ပေအကျယ်၊ တစ်ပေခွဲ ဂဝံခင်းခြင်းနှင့် Box Culvert (၂၂ ပေ x ၅ပေ x ၅ပေ) ဆောင်ရွက်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ညွှန်ကြားရေးမှူးက လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လမ်းအားကြည့်ရှု စစ်ဆေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မိန်းမလှကျွန်း-ကော့သံခါလမ်းပိုင်းတွင် ဒေသထွက်ကုန် စားဖိုဆောင်သီးနှံများအား ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေး ပြင်ဆင် ဆောင်ရွက်နေကြသည့် တောင်သူများနှင့်တွေ့ဆုံ၍ ယခုနှစ် သီးနှံထွက်ရှိမှု၊ ဈေးကွက်ဝယ်လိုအားနှင့် တင်ပို့ရောင်းချရာတွင် ကြုံတွေ့နေရသည့် အခြေအနေများကို မေးမြန်းဆွေးနွေး၍ လိုအပ်သည်များ ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ(၆)လ ဘတ်ဂျက်တွင် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဘားအံမြို့နယ်၊ မိန်းမလှကျွန်း-ကော့သံခါ ကျေးရွာ ကုန်ထုတ်လမ်း ၃ မိုင် ဂဝံခင်းခြင်းလုပ်ငန်းနှင့် တောကြီးကျေးရွာတွင် ဘားအံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ VDP စီမံကိန်းဖြင့်ဆောင်ရွက်သော ကွန်ကရစ်လမ်း (၈၅၀ ပေx ၁၂ပေ x ၆လက်မ )တို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


