ဘားအံ      ဧပြီ      ၂၉

 

ကရင်ပြည်နယ်အတွင်း သားငါးထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်းဦး၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဧပြီ ၂၉ ရက် နံနက်ပိုင်းက ဘားအံမြို့၊ လှာကဒေါင်မွေးမြူရေးဇုန် မြေနေရာချထားပေးမှုနှင့် တိရိစ္ဆာန်မွေးမြူထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှာကဒေါင်မွေးမြူရေးဇုန် ရှင်းလင်းဆောင်၌ မွေးမြူရေး တောင်သူများနှင့် တွေ့ဆုံရာ ဘားအံခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်၊ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအောင်မြင့်ဟန်၊ မွေးမြူရေးဇုန် ကော်မတီဥက္ကဋ္ဌတို့က မြေဧရိယာ ၇၆ ဒသမ ၆၀ ဧက ပေါ်တွင် မြေကွက်ပေါင်း ၂၃၇ ကွက်ဖြင့် ၂၀၀၄ ခုနှစ်မှစ၍ ကြက်၊ ဝက်၊ ဆိတ်၊ နွား အစရှိသည့် တိရစ္ဆာန်များမွေးမြူခဲ့မှု အခြေအနေ၊ တိရိစ္ဆာန်ကောင်ရေ တိုးတက်မွေးမြူလာမှု အခြေအနေ၊ တိရစ္ဆာန်အစာဈေးနှုန်း မြင့်တက်လာသည့်အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး မွေးမြူရေးဇုန်အဝင် ပင်မလမ်း အရှည် ၁၉၅၀ ပေ အား ၁၄ ပေအကျယ် ကွန်ကရစ်လမ်းခင်းပေးရန်၊ နွေရာသီ ရေလုံလောက်စွာရရှိနိုင်ရေး စက်ရေတွင်းတစ်တွင်း တူးဖော်ပေးရန် လမ်းညွှန်မှာကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှာကဒေါင်မွေးမြူရေးဇုန်ရှိ တောင်သူ ဦးထွန်းအေး၏ DYL ဝက်မျိုးမွေးမြူထားရှိမှုအခြေနေနှင့် ဝက်စာကြိတ်စက်ဖြင့် ဝက်စာများ ကိုယ်တိုင်ကြိတ်ခွဲထုတ်လုပ်နေမှု အခြေအနေ၊ တောင်သူ ဦးအောင်ဝင်း၏ နွားမွေးမြူရေးခြံ၊ ပြည်ကျော်မွေးမြူရေးခြံရှိ ဥစားကြက်၊ အသားစားကြက် မွေးမြူထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး မွေးမြူရေးခြံ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ တိရစ္ဆာန်အညစ်အကြေးများ စနစ်တကျ စုပုံ၍ မြေဩဇာအဖြစ် ပြောင်းလဲ အသုံးနိုင်ရေး လမ်းညွှန်မှာကြားသည်။

 

ဘားအံမြို့၊ လှာကဒေါင်မွေးမြူရေးဇုန်တွင် ဥစားကြက်ကောင်ရေ ၄၉၃၅၀၊ အသားစားကြက် အကောင် ၂၀၀၀၊ ဝက် ၄၂၄ ကောင်၊ ဆိတ် ၄၉၅ ကောင်၊ နွား ၂၄၁ ကောင် မွေးမြူထားရှိပြီး မွေးမြူရေးတောင်သူ များက ထပ်မံ၍ အကောင်ရေ တိုးချဲ့မွေးမြူသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် ဘားအံမြို့အဝင် သုံးမြှောင့်လမ်းဆုံမှ ကမော့ကစင်ရွာ၊ ကြာအင်းတောင်နှင့် ဇွဲကပင်တောင်ကြားကို ဖြတ်၍ လှာကဒေါင်ကျေးရွာအထိ ဖောက်လုပ်ထားသော ဘားအံမြို့ရှောင်လမ်း ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှာကဒေါင်ကျေးရွာ ၅ ဒသမ ၄ ကီလိုမီတာမှ ဇွဲကပင်တောင်နှင့် ကြာအင်းတောင်ကြားကိုဖြတ်၍ ကမော့ကစင်ကျေးရွာ ၂ ဒသမ ၇၇၅ ကီလိုမီတာသို့ ဖောက်လုပ်ထားသော မြို့ရှောင်လမ်း အပိုင်း ၁ ကျောက်အခြေခံလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ညိုက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမော့ကစင်ကျေးရွာ ၂ ဒသမ ၇၇၅ ကီလိုမီတာမှ သံလွင်တံတား သုံးမြှောင့်လမ်းဆုံ ၀ ကီလိုမီတာသို့ ဖောက်လုပ်ထားသော မြို့ရှောင်လမ်း အပိုင်း ၂ ဘက်ခြမ်းရှိ တံတားနှင့် Box Culvert များ တည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လာမည့်စိုက်ရာသီတွင် လမ်းဘေးဝဲယာရှိ စိုက်ဧကများ၌ သီးနှံများ ရာနှုန်းပြည့်စိုက်ပျိုးရန်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အဆင့်မြှင့်တင်ဆောင်ရွက်မည့်လုပ်ငန်းများအား အမြန်ဆုံး စတင်အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)