ဘားအံ ဇွန် ၁၉
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇွန် ၁၉ ရက် နံနက်ပိုင်းက ပိုင်းကျုံမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး လှိုင်းဘွဲမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအား ဆင်းသုခမျိုးစပါး(RS)နှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပိုင်ကျုံမြို့၊ အထက်ပိုင်ကျုံ တိုက်ကျောင်းဆရာတော် ဘဒ္ဒန္တသီရိန္ဒအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ ဆန်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် အထက်ပိုင်ကျုံ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျောင်းဆောင်သစ် လိုအပ်မှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အထက်ပိုင်ကျုံကျောင်းသစ် ပိုင်ကျုံချောင်း ကမ်းပြိုကာကွယ်ရေးနှင့် မြစ်ကမ်းထိန်းနံရံ တည်ဆောက်နိုင်ရေး ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပိုင်ကျုံမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ငွေကျပ် ၃ သိန်းကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပိုင်ကျုံမြို့၊ ပရဟိတမြို့မသာသနာပြုကျောင်းဆရာတော် ဘဒ္ဒန္တဓမ္မသီရိအား သွားရောက်ဖူးမြော်ကြည်ညို၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အဆိုပါဘုန်းတော်ကြီးကျောင်း၌ ပညာသင်ကြားလျက်ရှိသော အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား၊ ကျောင်းသူ ၂၀ အတွက် ဆန်ဖိုးထောက်ပံ့ငွေ ၂၈၅၀၀၀၀ နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကာ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပိုင်ကျုံမြို့ ကရင်နှစ်ခြင်းအသင်းတော်သို့ သွားရောက်ပြီး ဆရာတော်စိုးလယ်၊ ကျမ်းစာကျောင်းလက်ထောက် ဆရာတော်နှင့် ဂေါပကအဖွဲ့များအား ဂါရဝပြုတွေ့ဆုံ၍ ဆန်၊ ဆီ အစရှိသော လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ ကရင်နှစ်ခြင်းအသင်းတော် ဘုရားရှိခိုးကျောင်းနှင့် ဘားအံ-မော်လမြိုင် သာသနာနယ် ကျမ်းစာသင်ကျောင်းတို့အား ဆက်သွယ်သည့်လမ်းကို ကွန်ကရစ်ခင်းနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပိုင်ကျုံမြို့ ပြည်သူဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေသူများအား အာဟာရဖြည့်စွက် အစားအစားများ ထောက်ပံ့ပေးအပ်ကာ တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများနှင့် ငွေကျပ်တစ်သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)