ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် .........................................

ဘားအံ အောက်တိုဘာ ၃

 

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်သွားသော လမ်း၊ တံတားများနှင့် ထိခိုက်ပျက်စီးမိုးစပါးများ မြေဩဇာကြဲပက်ထွန်ယက် စိုက်ပျိုးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံ-လှိုင်းဘွဲကားလမ်းမကြီး၊ ထီလုံ - တာပေါင် - ပတ - နဘူး - ကော့ကရိတ်(တံတားကျိုး)လမ်းပိုင်း ရေကြီးရေလျှံမှုဖြစ်ပွားစဉ်က ရေကျော်ခဲ့သည့် လမ်းပိုင်းများကို မော်တော်ယာဉ်ဖြင့် ဖြတ်သန်းကြည့်ရှုစစ်ဆေးပြီး ထီလုံ - တာပေါင် - ပတ - နဘူး - ကော့ကရိတ်(တံတားကျိုး)လမ်း (ထီလုံ-ပတ) အပိုင်းတွင် ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် တံတားအမှတ်(/) ကျောက်စီကမ်းကပ်ခုံ (၁၀)ပေတံတား၏ ကမ်းကပ်ခုံသည် ကြံ့ခိုင်မှုအားနည်းနေ၍ ယာဉ်သွားလာမှု ပြတ်တောက်မှုမရှိစေရေး၊ အဆင်ပြေချောမွေ့စေရေး လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၂၂)က သံဘောင်ဘေလီတံတား ၃၀ ပေ (D/S) တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ညိုက အဆိုပါလမ်းပိုင်းတွင် ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် နေရာ ()နေရာတွင် ရေကျော်ခဲ့ပြီး ထိခိုက်မှုများရှိခဲ့ရာ ယခုအခါ ()နေရာအား ပြင်ဆင်ပြီးဖြစ်ကြောင်း ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့သည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊ နောင်ဘိုကြီးကျေးရွာ၊ ကွင်းအမှတ် (၁၆၁၉)တွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီး မိုးစပါးစိုက်ခင်းများအား ပြန်လည်စိုက်ပျိုးခြင်းနှင့် သွင်းအားစုများ ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို တက်ရောက်ပြီး ရေကြီးရေလျှံမှုကြောင့် ထိခိုက်သွားသော မိုးစပါးစိုက်ခင်းများအား တောင်သူများက ယူရီးယားနှင့် သဘာဝမြေဩဇာ ရောနှောကြဲပက်ခြင်း၊ ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများအား တောင်သူများက အသစ်တစ်ဖန် ပြန်လည်စိုက်ပျိုးခြင်းတို့ကို ကြည့်ရှုအားပေးကာ တောင်သူများ၏ တင်ပြဆွေးနွေးချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊ နောင်ဘိုကြီးကျေးရွာ၊ နောင်ဘိုကြီး ရေလျှံကွင်းအတွင်း ငါးမျိုးစိုက်ထည့်သည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး နောင်ဘိုကြီးကျေးရွာတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များ၏ သန်းခေါင်စာရင်းဆိုင်ရာ မေးခွန်းများ မေးမြန်းစာရင်း ကောက်ယူနေမှုများကို သွားရောက်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)