ဘားအံ ဩဂုတ် ၅

 

ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ စိုက်ပျိုးပြီးမိုးစပါး ၁၉၁၅၃၁ ဧကအနက် ၂၉၃၄၉ ဧက ရေဖုံးလွှမ်းခဲ့ကာ ဩဂုတ် ၄ ရက်အထိ ၁၄၃၆ ဧက ရေပြန်ပေါ်၍ ၃၄၄၉ ဧက ထိခိုက်ပျက်စီးခဲ့ရာ အချိန်မီပြန်လည်ကုစားထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူ များသည် ယနေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများသည် ဘားအံမြို့ အမှတ်(၈)ရပ်ကွက်၊ ကွင်းအမှတ်၁၁၈၄ ထောင်ဝိကွင်း၊ ဘားအံမြို့နယ် ကော့လှိုက် ကျေးရွာ ထန်းတပင်ကွင်း၊ ကွင်း အမှတ် ၁၂၀၇-က၊ ၁၂၀၇-၁၊ ၁၂၀၈-က နှင့် ၁၂၀၈-ခ တို့တွင် ရေကြီးနစ်မြုပ် မိုးစပါးစိုက်ဧက များအနက် ထိခိုက်ပျက်စီးမှုကို ကြည့်ရှုစစ်ဆေးပြီး ရေကြီးနစ်မြုပ် မိုးစပါးစိုက်ခင်းများကို သဘာဝ မြေဩဇာနှင့် ဓာတ်မြေဩဇာများ အချိုးကျရောစပ်စုပေါင်းကြဲပက် ခြင်းကွင်းသရုပ်ပြပွဲကို ကြည့်ရှု အားပေးကာ ထိခိုက်လယ်မြေများတွင် ပြန်လည်ဖာထေးစိုက်ပျိုးနိုင် ရေး၊ ပျက်စီးလယ်မြေများ အချိန်မီ ပြန်လည် ထွန်ယက်စိုက်ပျိုးနိုင်ရေး၊ လိုအပ်သည့် လယ်ယာသုံး စက်ကိရိယာများ ကူညီဖြည့်ဆည်း ပေးနိုင်ရေး၊ မျိုးစပါးနှင့်သွင်းအားစုများ ကူညီဖြည့်ဆည်းပေးနိုင်ရေး မှာကြားသည်။

 

ထို့နောက် ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာ ထန်းတပင်-ကော့လှိုက် - ဝင်းကျန် - ကရင် ဖာလင်ထုံးအိုင်လမ်း ဘေးဝဲယာရှိမိုးစပါးစိုက်ခင်းများ ရေကြီးရေလျှံမှုကြောင့် အဆိုပါ လမ်းပိုင်း လမ်းပခုံးနှင့် လမ်းသားထိခိုက်မှု များအား ကြည့်ရှုစစ်ဆေးကာ ထိခိုက်မိုးစပါးများ ပြန်လည် ကုစားပေးနိုင်ရေးနှင့် ထိခိုက် လမ်း/တံတားများကို လိုအပ်သည့် ပြင်ဆင်မှုများ အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရေး မှာကြားသည်။

 

ယင်းနောက် ဘားအံမြို့နယ် ကော့ဒါန်းမယ်ကျေးရွာအဝင်လမ်း ဘေးဝဲယာ မိုးစပါးစိုက်ခင်းများ ထိခိုက်ပျက်စီးမှုနှင့် အဆိုပါ လမ်းပိုင်းထိခိုက်မှုတို့ကို လည်းကောင်း၊ လှိုင်ရွာ-ကော့သပုတ်-ကော့ဒါန်းမယ် - ကောထမလိန်း လမ်း သဘာဝဘေးကြောင့် ထိခိုက် ပျက်စီးမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သဘာဝဘေး ကျရောက်ပြီးချိန် အပင်ပြုစု စောင့်ရှောက်ခြင်း၊ ဖြစ်ပွားတတ်သည့် ရောဂါပိုးမွှားများ ကာကွယ်နှိမ်နင်းခြင်း၊ထိခိုက် ပျက်စီး မိုးစပါးစိုက်ခင်းများ ပြန်လည်ထူထောင် စိုက်ပျိုးနိုင် ရေးကွင်းဆင်းဆောင်ရွက်ပေးရန်နှင့် ထိခိုက်လမ်း/တံတားများအား သက်ဆိုင်ရာဌာနများက အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်ပေးနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်