ဘားအံ ဇွန် ၂

 

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ဘားအံမြို့ရှောင်လမ်းနှင့် ဘားအံမြို့တွင်းသို့ ချိတ်ဆက်ဖောက်လုပ်နေသော သိမ်တော်ကြီး - ကမော့ကစင် လမ်းအူကြောင်းအသစ် ဖောက်လုပ်နေမှုအား ဇွန် ၁ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သာသနာ့မိဂဒါဇိန်ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တဥတ္တမအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကာ ၁၄ ပေနှင့် ၁၂ အကျယ်ရှိ ဘုန်းတော်ကြီးကျောင်းပတ်လမ်း ကွန်ကရစ်ခင်းနိုင်ရေးနှင့် အမှတ်(၉)ရပ်ကွက်၊ ဇွဲကပင်ကုန်းနေ ဒေသခံပြည်သူများ နွေရာသီတွင် သန့်ရှင်းသောသောက်သုံးရေ ရရှိရေးအတွက် မိဂဒါဇိန်ဆရာတော်မှ အမြင့်တင်ရေစင်ဖြင့် ရေဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကြာအင်းတောင်ပတ်လမ်းမှတစ်ဆင့် ဘားအံမြို့ရှောင်လမ်းသို့ ချိတ်ဆက်သော သိမ်တော်ကြီး-ကမော့ကစင် (၃ ဒသမ ၃၇၉) ကီလိုမီတာ လမ်းအူကြောင်းအသစ်ကို ၉ ဒသမ ၁၄ မီတာ အကျယ်တာဘောင်ရရှိစေရန် ဖြတ်မြေ/ဖို့မြေလုပ်ငန်း ဆောင်ရွက်ခြင်းနှင့် မိုင်းချီးကြိတ်ခင်းခြင်းလုပ်ငန်း၊ သံကူကွန်ကရစ် Box Culvert (၅)စင်း တည်ဆောက်မည့်နေရာတို့အား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ညိုနှင့် တာဝန်ရှိသူများက လမ်းအူကြောင်း အသစ်ဖောက်လုပ်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)