ဘားအံ ဇူလိုင် ၂၆
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် (၇၅၀ စင်တီမီတာ)အထက်သို့ ကျော်လွန်ရောက်ရှိလာပြီး ဘားအံမြို့ရှိ မြေနိမ့်ပိုင်း လူနေရပ်ကွက်များအတွင်းသို့ မြစ်ရေများ ဝင်ရောက်လာသည့်အတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးနိုင်ရေး လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ ကမ်းနားလမ်းတွင် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိလာမှု အခြေအနေ၊ အမှတ်(၅)ရပ်ကွက်၊ မြေနိမ့်ပိုင်းရှိ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ ရွှေယဉ်မျှော် ပြည်တော်ဧစေတီတော်၊ အမှတ်(၃)ရပ်ကွက် (Cyclone Shelter) ဆိုင်ကလုန်းရှက်တာ၊ အမှတ်(၁)ရပ်ကွက် မိုးလုံလေလုံအားကစားခန်းမ၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း မိုးလုံလေလုံအားကစားခန်းမ၊ အမှတ်(၅)ရပ်ကွက် ဆိုင်ကလုန်းရှက်တာတို့တွင် မြေနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များအတွင်း မြစ်ရေဝင်ရောက်သည့် ပြည်သူများအား ယာယီပြောင်းရွှေ့ နေရာချထားပေးနိုင်ရေး၊ ရေ၊ မီး၊ မိလ္လာ ပြည့်စုံလုံလောက်မှုရှိစေရေး၊ ဝမ်းရောဂါကဲ့သို့သော ကူးစက်ရောဂါများဖြစ်ပွားမှု မရှိစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေး၊ လိုအပ်သည့်ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေးနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများအလိုက် အနီးကပ်အုပ်ချုပ်ထောက်ပံ့မှု ကိစ္စရပ်များဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များ စုဖွဲ့တာဝန်ပေးအပ်ထားမှု အခြေအနေများကို လိုက်လံကြည်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွား၍ စိုက်ပျိုးပြီး မိုးစပါးနှင့်မိုးသီးနှံများ ရေကြီးနစ်မြုပ်ထိခိုက်ခဲ့ပါက တောင်သူများအတွက် ထောက်ပံ့ပေးနိုင်ရန် ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၏ မြေဩဇာဂိုဒေါင်အတွင်း မျိုးစပါး၊ သဘာဝမြေဩဇာများနှင့် ဓာတ်မြေဩဇာများ သိုလှောင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)ရှိ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများနှင့် သွားရောက်တွေ့ဆုံ၍ အထူးနေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။
ထိုသို့သုံးဆောင်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နောင်တစ်ချိန်တွင် အနာဂတ်၏ တိုင်းပြည်တာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား အသိအမှတ်ပြု တန်ဖိုးထားသောအားဖြင့် ယခုကဲ့သို့တွေ့ဆုံပြီး နွေးထွေးမှုရှိစွာဖြင့် လက်ရည်တစ်ပြင်တည်းဖြစ်အောင် အထူးနေ့လယ်စာကို လာရောက်သုံးဆောင်ခြင်းဖြစ်ကြောင်း၊ ပညာရေးကို ဆုံးခန်းတိုင်အောင်သင်ကြား၍ ဘာသာရပ်အလိုက် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ပြီး ပြန်လည်အသုံးချနိုင်သည်အထိ ကြိုးစားကြစေလိုကြောင်း၊ ပညာသင်ယူချိန်တွင် ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းဖို့လိုကာ အားကစားလှုပ်ရှားမှုများကို ဆောင်ရွက်ပြီး ကျန်းမာရေးကို အထူးလေးထားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အထူးနေ့လယ်စာအတွက် ထောက်ပံ့ငွေ တစ်ဆယ်သိန်း တစ်သောင်း ခုနှစ်ထောင်ကို ကျောင်းသား၊ ကျောင်းသူများထံ ထောက်ပံ့ပေးအပ်၍ ကျောင်းသား၊ ကျောင်းသူ (၁၉၁)ဦး၊ ဆရာ၊ ဆရာမ (၃၂)ဦးတို့နှင့်အတူ အထူးနေ့လယ်စာကို အတူတကွ လက်ရေတစ်ပြင်တည်း သုံးဆောင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများ၏ နေ့လယ်စာသုံးဆောင်နေမှုအား ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


