ဘားအံ အောက်တိုဘာ ၁၁
အခြေခံပညာကျောင်းများမှစတင်၍ ထူးချွန်ထက်မြတ်သည့် အမျိုးသား/အမျိုးသမီး မျိုးဆက်သစ်လူငယ် အားကစားသမားကောင်းများပေါ်ထွန်းလာစေရေး ၂၀၂၂ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်း က ဘားအံမြို့ အောင်သံလွင်အားကစားကွင်း၌ ကျင်းပသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲသို့ အခြေခံပညာကျောင်းပေါင်းစုံမှမြို့နယ်အဆင့် အမျိုးသား ဘောလုံးအသင်း (၇) သင်း၊ အမျိုးသမီးဘောလုံးအသင်း(၇)သင်းတို့မှ ကျောင်းသား/ ကျောင်းသူ ၂၅၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အမျိုးသားဘောလုံးပြိုင်ပွဲကို အောင်သံလွင်အားကစားကွင်း၌လည်းကောင်း၊ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဘားအံမြို့မ ဘောလုံးကွင်းတွင်လည်းကောင်း အောက်တိုဘာ ၁၀ ရက်မှ ၁၆ ရက်အထိ ရက်သတ္တပတ် တစ်ပတ်ကြာ ကျင်းပသွားမည်ဖြစ်သည်။
ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဘောလုံးအားကစားနည်းဖြင့် မိမိတို့၏ကျောင်း၊ မြို့နယ်၊ ပြည်နယ်နှင့် နိုင်ငံဂုဏ်ကို မြှင့်တင်ဂုဏ်ဆောင်ပေး နိုင်ကြသူများဖြစ်အောင် ကြိုးစားကြစေလိုပြီး အောင်မြင်မှုအပေါ်မူတည်၍ ထိုက်တန်သည့် ဂုဏ်ပြုချီးမြှောက်မှုများကို ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ အခြေခံပညာကျောင်းအသီးသီးမှ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် သတ်မှတ်ထား သော ဘောလုံးစည်းမျဉ်း/စည်းကမ်း ဥပဒေဘောင်အတွင်းမှ မိမိတို့မြို့နယ်ဘောလုံးအသင်း အနိုင်ရရှိအောင် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေး သည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲ ကုန်ကျစရိတ်ငွေကျပ် ၂၅၂၃၂၈၀၀ ကို ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်နန့်စယ်လီလှိုင်ထံ ပေးအပ်ချီးမြှင့်ပြီး ကျောင်းသားအားကစားသမားအဖွဲ့များအား ငွေကျပ် ၂၇၉၂၀၀၀၀ ကို သက်ဆိုင်ရာမြို့နယ်အလိုက် ခွဲဝေပေးအပ်ချီးမြှင့်ခဲ့ကာ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်က အခမ်းအနားတွင် တီးမှုတ်ဖျော်ဖြေပေးသော အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ဘင်ခရာ၊ ပန်းပွားအဖွဲ့များအား ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် အဖွင့်ပွဲစဉ်အဖြစ် ဘားအံမြို့နယ် အမျိုးသားဘောလုံးအသင်းနှင့် ကော့ကရိတ်မြို့နယ်အမျိုးသား ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဘောလုံးအားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါ ပွဲစဉ်တွင် ဘားအံမြို့နယ်အမျိုးသားဘောလုံးအသင်းက ၃ ဂိုး - ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)