ဘားအံ ဇွန် ၁၆
ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၁၉ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကို ဇွန် ၁၅ ရက် ညနေပိုင်းက ဘားအံမြို့ အောင်သံလွင်အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် လှိုင်းဘွဲမြို့နယ် ဘောလုံးအသင်းနှင့် ကြာအင်းဆိပ်ကြီး ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ ကြာအင်းဆိပ်ကြီးမြို့နယ် ဘောလုံးအသင်းက ပင်နယ်တီအဆုံးအဖြတ် လေးဂိုး သုံးဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ကြက်ခြေနီသူနာပြုတပ်ဖွဲ့ကို လည်းကောင်း၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီ ဥက္ကဋ္ဌ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ညိုက ဒိုင်အဖွဲ့အားလည်းကောင်း ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဗိုလ်လုပွဲနေ့ အကောင်းဆုံး ကစားသမားဆု၊ တတိယဆုရရှိသော ဖာပွန်မြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ဒုတိယဆုရရှိသော လှိုင်းဘွဲမြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ပထမဆုရရှိသော ကြာအင်းဆိပ်ကြီးမြို့နယ်အသင်းအား တစ်ဦးချင်း လည်ဆွဲဆု၊ ပွဲစဉ်တစ်လျှောက် နေရာအလိုက် အကောင်းဆုံး ကစားဆုများနှင့် တတိယ၊ ဒုတိယရရှိသော အသင်းများအား ငွေသားဆုများ ပေးအပ်ချီးမြှင့်ကာ ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အနိုင်ရဗိုလ်စွဲသွားသော ကြာအင်း ဆိပ်ကြီးမြို့နယ် ဘောလုံးအသင်းအား ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)