ဘားအံ    ဇူလိုင်    ၁၆

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့ လှာကမြင်ကွက်သစ် ဇွဲကပင်အားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။

ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ကြာအင်းဆိပ်ကြီး မြို့နယ်အသင်းနှင့်  မြဝတီမြို့နယ်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ သရေရလဒ်ထွက်ပေါ်ခဲ့သောကြောင့်  ပင်နယ်တီအဆုံးအဖြတ် ခံယူရာ ကြာအင်းဆိပ်ကြီးမြို့နယ်အသင်းက ခုနစ်ဂိုး-ငါးဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ  ပြည်နယ်ဝန်ကြီးချုပ်၊  ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊  ဒုတိယဥက္ကဋ္ဌ၊  ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်တို့က အကောင်းဆုံးအားကစားသမားဆုနှင့်  ပွဲစဉ်တစ်လျှောက် နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုရရှိကြသူများ၊ ပူးတွဲတတိယဆုရရှိသည့် ကော့ကရိတ်မြို့နယ်အသင်းနှင့် ဖာပွန်မြို့နယ်အသင်း၊ ဒုတိယဆုရရှိသည့် မြဝတီမြို့နယ်အသင်းနှင့် အနိုင်ရဗိုလ်စွဲသွားသော ကြာအင်းဆိပ်ကြီး မြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်၊  ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)