သံဖြူဇရပ် ၃ စက်တင်ဘာ 

 

မြို့နယ်အဆင့် ကရင်တိုင်းရင်းသားရိုးရာ စုပေါင်း ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို စက်တင်ဘာ ၃ရက် နံနက် ၇ နာရီက သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပရာအခမ်းအနားသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်ဟိန်း၊ ကရင်တိုင်းရင်းသား အကြီးအကဲများ၊ ဝဲခမိကျေးရွာမှ ကရင်တိုင်းရင်းသား/သူများ တက်ရောက်သည်။ 

 

ရှေးဦးစွာ ဆရာတော်ဘဒ္ဒန္တစိန္တရက သြဝါဒစကား မြွက်ကြားပြီး မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ စောရွှေကုန်က ဝါခေါင်လ ချည်ဖြူဖွဲ့ပွဲပြုလုပ်ရခြင်းအား ပြောကြားသည်။ 

 

ထို့နောက် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးစောအောင်မြင့်ခိုင်က ကရင်တိုင်းရင်းသားရိုးရာ လက်ချည်ခြင်း အစဉ်အလာနှင့် ဆောင်ရွက်မှု အနှစ်သာရမှာ "လိပ်ပြာခေါ်ခြင်း" ဓလေ့အပါအဝင် စည်းလုံးညီညွတ်စွာ နေထိုင်ခြင်း၊ ဉာဏ်ပညာ တိုးတက်အောင် ကြံဆောင်ခြင်း၊ အများအကျိုးအတွက် ကူညီခြင်း၊ အမှန်အမှားကို ခွဲခြားနားလည်ခြင်းအပါအဝင် ဘိုးဘွားစဉ်ဆက်၏ အဆုံးအမများပင်ဖြစ်ကြောင်း၊ သို့ပါ၍ လက်ချည်ပွဲနှင့်အတူ တိုင်းရင်းသားစည်းလုံးညွတိရေး၊ ဒေသဖွံံဖြိုးရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးစား ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

 

ဆက်လက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းမှ ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲအတွက် ဂုဏ်ပြုစကား ပြောကြားပြီးနောက် ချည်ဖြူဖွဲ့မင်္ဂလာ ဖြစ်ပေါ်လာရခြင်းကို ကရင်ဘာသာဖြင့် စောကျင်ခိုင်နှင့် မြန်မာဘာသာဖြင့် ဒေါ်နန်းနွယ်မှ ပြောကြားကာ ကရင်ရိုးရာအစဉ်အလာ နှင့်အညီ လက်ချည်ခြင်းမင်္ဂလာပွဲ ကျင်းပကြောင်းသိရသည်။

 

သံဖြူဇရပ်ပြန်/ဆက်