ရန်ကုန် ၂၂ သြဂုတ်လ

ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကြီးမှူးကျင်းပသော (ကွမ်းခြံကုန်း၊ တွံတေး၊ ဒလ၊ သန်လျင်၊ ကျောက်တန်း ) မြို့နယ်များစုပေါင်း၍ ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို သြဂုတ် ၂၂ ရက် နံနက် ၉ နာရီက ကွမ်းခြံကုန်းမြို့ ဓမ္မိကာရုံ ကျာင်းတိုက်တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္စာမျိုးက အမှာစကားပြောကြားရာ “ချည်ဖြူဆိုတာ မေတ္တာ သစ္စာ ညီညွှတ်ခြင်း တွေရဲ့ သဘောကိုဆောင်ပါတယ်။ ချည်ဖြူဖွဲ့တာ ညီညွတ်ဖို့အတွက် ဖွဲ့တာပါ။ ရည်ရွယ်ချက်က ညီညွတ်ဖို့ စည်းလုံးဖို့ ဒီမိုကရေစီဖက်ဒရယ် ထူထောင်တဲ့နေရာမှာ ကျွန်မတို့ ကရင်တိုင်းရင်းသားတွေ အချင်းချင်း စိတ်ဝမ်းကွဲလို့မရပါဘူး။ သဘောထားချင်း မတိုက်ဆိုင်လျှင်တောင် ရည်ရွယ်ချက်ချင်း တူညီတယ်ဆိုတာ လက်ခံပေးပြီး ညီညီညွတ်ညွတ် ရှေ့ဆက်လျှောက်လမ်းရမှာ ဖြစ်ပါတယ်။ ထို့ပြင် ကရင်တွေရဲ့ ရိုးရာယဉ်ကျေးမှုကို ပြန်လည်ဖော်ထုတ်တာ ဖြစ်ပါတယ်” ဟု  ပြောကြားခဲ့သည်။

ထန်းတပင်မြို့နယ် လာဘသိဒ္ဓိကမြိုင်ကျောင်း၊ ကမြိုင်ကျေးရွာတွင် ပထမအကြိမ် ခရိုင်အဆင့်ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနား အောင်မြင်စွာ ကျင်းပခဲ့ပြီး ယခုဒုတိယအကြိမ် ဆက်လက်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်  ဒေသခံ ကရင်တိုင်းရင်းသား လူဦးရေ ၃၆၀ဝ ကျော် တက်ရောက်ခဲ့ကြ သည်။

ဆန်းကျော်ဦး ( ပြန် / ဆက်)