လှိုင်းဘွဲ ၁၁ သြဂုတ်
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်တွင် ကရင်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းက ကြီးမှူး၍ နှစ်စဉ်မပျက် ကျင်းပလေ့ရှိသော ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ အောင်မြေသာယာဘုန်းတော်ကြီးကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားတွင် လှိုင်းဘွဲမြို့ အောင်မြေသာယာဘုန်းတော်ကြီးကျောင်း ဆရာတော် ဥူးဝရသာမိမှ အဖွင့်သြဝါဒမိန့်ကြားပြီး လှိုင်းဘွဲစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းဇော်က အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းတို့က ကရင်လူငယ်များအနေဖြင့် ရိုးရာယဉ်ကျေးမှု ဓလေ့များကို ယုံကြည်မြတ်နိုး တန်းဖိုးထားတတ်စေရန်နှင့် ထိမ်းသိန်းကာကွယ်စောင့်ရှောက်ရန် လိုအပ်ကြောင်း ပြောကြားပြီး ကရင် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးစောအုန်းတင်က ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များက ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော် ဖြစ်ပေါ်လာပုံများကို ပိုးကရင် ဘာသာစကား၊ စကောကရင် ဘာသာစကား၊ မြန်မာဘာသာစကားများဖြင့် ဖတ်ကြားကြပြီး ကရင် တိုင်းရင်းသား တိုင်းရင်းသူများနှင့် ပွဲတော်သို့ လာရောက်သူများအား ကရင်တေးသံသားများဖြင့် သီဆိုတီးမှုတ် ကပြဖျော်ဖြေကာ ချည်ဖြူဖွဲ့လက်များ ချည်ပေးခဲ့သည်။
နှစ်စဉ်မပျက် ကျင်းပလေ့ရှိသော ဝါခေါင်လ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲကို ကွဲကွာနေသော ဆွေမျိုးများ ပြန်လည် ဆုံတွေ့ရန်၊ မိသားစုအချင်းချင်း ပြန်လည်စုစည်းကြစေရန်၊ ကရင်အမျိုးသား အချင်းချင်း ချစ်ကြည်သွေးစည်းမှု ခိုင်မြဲစေရန်၊ ကရင်လူမျိုးအချင်းချင်း တစ်ဦးကိုတစ်ဦး ထောက်ပံ့ကူညီပြီး အေးချမ်းညီညွတ်စွာ နေထိုင်ကြစေရန်၊ လူငယ်လူရွယ်များကို လူကြီးသူမများက သွန်သင်ဆုံးမစကား ပြောကြားနိုင်စေရန်၊ ယဉ်ကျေးမှု ငါးမျိုးဖြစ်သော စကား၊ စာပေ၊ အနုပညာ၊ ဝတ်စား ဆင်ယင်မှုနှင့် ရိုးရာဓလေ့များ မပျောက်ကွယ်စေရန်၊ မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို မြတ်နိုးထိန်းသိမ်းတတ်ပြီး အသိပညာ၊ အတတ်ပညာ မြင့်မားသော လူမျိုးများအဖြစ် အစဉ် တည်တံ့စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)