ထန်းတပင် ၁၈ သြဂုတ်

ရန်ကုန်တိုင်းဒေသကြီး၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကြီးမှူးကျင်းပပြုလုပ်သော ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို သြဂုတ် ၁၇ ရက် နံနက် ၉ နာရီက ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ကမြိုင်ကျေးရွာ၊ လာဘသိဒ္ဓိကမြိုင်ကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ၊ ထန်းတပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်တာဝန်ရှိသူများ၊ ဒေသခံကရင်တိုင်းရင်းများနှင့် ကျေးရွာနေပြည်သူ (၃ဝဝဝ) ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

1007

 

ရှေးဦးစွာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားသို့ တက်ရောက်လာကြသူများက ကရင်အမျိုးသားအလံအား အလေးပြုခဲ့ကြပြီး ကရင်အမျိုးသားသီချင်းကို သီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက အမှာစကားပြောကြားရာ ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ပွဲကို (၂၀၁၇)ခုနှစ်တုန်းက ပထမဦးဆုံးအကြိမ်အဖြစ် ထန်းတပင်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ဖူးကြောင်း၊ ထို့သို့ကျင်းပခဲ့ခြင်းသည်လည်း နှစ်ပေါင်း (၆၀)ကျော်တွင် ပထမဆုံးအကြိမ် ပြန်လည်ကျင်းပပေးနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ (၂၀၁၈)ခုနှစ်တွင် ချည်ဖြူဖွဲ့ပွဲကို နိုင်ငံတော်အဆင့်ထိ ကျင်းပပေးနိုင်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့ပါကြောင်းနှင့် ညီအစ်ကိုမောင်နှစ်မများ ပြန်ဆုံနိုင်အောင် ကရင်ဘိုးဘေးလူကြီးများက ချည်ဖြူဖွဲ့ပွဲကို ဝါခေါင်လအတွင်း ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ 

 

08

 

ထို့နောက် ကရင်တိုင်းရင်းသား တိုင်းရင်းသူများနှင့် ပွဲတော်သို့ လာရောက်သူများအား ကရင်တေး သံသာများဖြင့် သီဆိုကပြဖျော်ဖြေကာ ချည်ဖြူဖွဲ့လက်များ ချည်ပေးခဲ့သည်။ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားတွင် ကရင်တိုင်းရင်းသားခေါင်းဆောင်များ၏ ဓာတ်ပုံများ၊ ကရင်ရိုးရာယဉ်ကျေးမှု အသုံးအဆောင်ပစ္စည်း အမျိုးပေါင်း (၄ဝ)ကျော်နှင့် ချည်ဖြူဖွဲ့မင်္ဂလာအကြောင်း သိကောင်းစရာများကို ပြသထားကြောင်း သိရသည်။

ကရင်အမျိုးသားများသည် မိမိတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် ရှင်သန်ထက်မြက်စေရေးအတွက် မိမိတို့၏ အသက်သဖွယ်ဖြစ်သော ရိုးရာအစဉ်အလာ ထုံးတမ်းဓလေ့များကို ယနေ့မျက်မှောက်ခေတ် ကာလအထိ တိုင်ထိန်းသိမ်းလျက်ရှိပြီး ကရင်ဘိုးဘွား ဆွေအစဉ်မျိုးအဆက်ဆက်မှ ယုံကြည်မြတ်နိုးတန်းဖိုးထား ကာထိန်းသိမ်းလာလျက်ရှိသော ရိုးရာဓလေ့များအနက်မှ ချည်ဖြူဖွဲ့မင်္ဂလာရိုးရာဓလေ့ကို ကရင်လူမျိုးတို့၏ ဘိုးဘွားအမွေအနှစ်အဖြစ် ကရင်လူမျိုးတိုင်း၏ အသိစိတ်ဓာတ်တွင် ကိန်းအောင်းနေလျက်ရှိရာ နှစ်စဉ်ဝါခေါင်လရောက်တိုင်း ကရင်အမျိုးသားများသည် ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို တစ်မိသားစုချင်း၊ ဆွေးမျိုးတစ်စုချင်း၊ တစ်ရွာလုံး၊ ရပ်ကွက်၊ မြို့နယ်အလိုက် စုစည်းညီညွတ်စွာ ကျင်းပပြုလုပ်လေ့ရှိကြောင်း၊ တစ်စုတစ်စည်းတည်း သွေးစည်းညီညွတ်စွာ နေထိုင်ကြကာ ရောဂါဘယကင်းဝေးစေရန်နှင့် ကျရောက်တက်သည့် သဘာဝဘေးအန္တရာယ်များကို စုစည်းညီညွတ်စွာ ဝိုင်းဝန်းကာကွယ်ကြရန်အတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)