ကရင်တိုင်းရင်းသားတို့၏ ရိုးရာအမွေအနှစ် ပြပွဲကျင်းပ

သာယာဝတီ ၉ နိုဝင်ဘာ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကရင်တိုင်းရင်းသားတို့၏ စာပေနှင့် ရိုးရာအမွေအနှစ်ပြပွဲကို နိုဝင်ဘာ ၇ ရက်က ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး(Community Centre) ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်မူမူခင်တို့က အမှာ စကားများပြောကြားသည်။

 

ထို့နောက် ကရင်တိုင်းရင်းသားများက စာပေစကားဝိုင်းပြုလုပ်ခဲ့ပြီး တက်ရောက်လာသည့် ဧည့်ပရိသတ်များက ခင်းကျင်းပြသထားသော ကရင်တိုင်းရင်း သားများ၏ ရိုးရာအသုံးအဆောင်များ၊ တူရိယာများ၊ ရိုးရာအမျိုးသမီး၊ အမျိုးသားဝတ်စုံများနှင့် ကရင်စာပေများကို စိတ်ဝင်တစားကြည့်ရှု အားပေးခဲ့ကြသည်။

 

''ကျွန်တော်တို့ အခုပြသထားတဲ့ ကရင်တိုင်းရင်းသားရိုးရာပစ္စည်းတွေမှာ နှစ်ပေါင်း ၃ဝ ကြာ ထိန်းသိမ်းထားတဲ့ ပစ္စည်းတွေ၊ ယခုလိုပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့ ပူးပေါင်းပြသရာ အစိုးရနဲ့ ပြည်သူတွေ၊ ဆရာ ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေ လာရောက်ကြည့်ရှုတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်၊ တန်ဖိုးမဖြတ်နိုင်တဲ့ ရိုးရာအမွေအနှစ် ပစ္စည်းတွေကို ရှာဖွေထိန်းသိမ်းပြီး အကြီးစားပြပွဲတွေ ဆက်လက်ကျင်းပဖို့ ကြိုးစားသွားမှာပါ''ဟု ခရိုင်ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီအတွင်းရေးမှူး စောသိန်းဝေက ပြောသည်။

 

သန့်ဇော်(ပြန်/ဆက်)