နေပြည်တော် ၁၁ သြဂုတ်
မွန်ပြည်နယ်အတွင်း နေရာဒေသအချို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ ရေကြီးရေလျှံခြင်း၊ တောင်မြေပြိုကျခြင်း ဖြစ်စဉ်များကြောင့် အသက်အိုးအိမ် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ပေါင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တောင်မြေပြိုကျမှုများအနက် သဲဖြူကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်တွင် အသက်ဆုံးရှုံးမှုများ၊ ထိခိုက်ဒဏ်ရာရမှု၊ ပျောက်ဆုံးမှု များရှိခဲ့ရာ ဝမ်းနည်းကြေကွဲဖွယ်ရာပင် ဖြစ်သည်။ ပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်ရေး၊ ဒဏ်ရာရ သူများအား သယ်ယူ၍ ပြုစုကုသရေး၊ ကျန်ရစ်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရေးတို့တွင် ကိုယ်ချင်းစာနာ ကရုဏာစိတ်နှလုံးများဖြင့် ဝိုင်းဝန်းကူညီကြပါမှ ဘေးဒုက္ခတို့ သက်သာရာရကြလိမ့်မည်။
သဘာဝဘေးအန္တရာယ်ဟူသည် မဖိတ်မခေါ် မမျှော်လင့်ပါဘဲ ရောက်လာတတ်သည်မို့ သတိဝီရိယတို့ အမြဲအသင့်ရှိနေဖို့လိုသည်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဗဟုသုတများကိုလည်း လူတိုင်းက သိရှိနားလည် ထားနိုင်သည်နှင့်အမျှ ဘေးအန္တရာယ်ကင်းရှင်းစွာ နေထိုင်နိုင်ကြမည်ဖြစ်သည်။ မြေပြိုမှုအန္တရာယ်သည် တောင်ကုန်းတောင်စောင်း၊ ဆင်ခြေလျှောနေရာများတွင် ဖြစ်တတ်သည့်အတွက် မြေဆီလွှာထိန်းသိမ်း ကာကွယ်နိုင်ရန် သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းထားကြရမည်ဖြစ်သည်။ အချို့နေရာများတွင်မူ မြေထိန်းနံရံများ တည်ဆောက်ခြင်းဖြင့် မြေမပြိုအောင် ကြိုတင်ကာကွယ်ရမည် ဖြစ်သည်။
တောင်ကုန်းတောင်စောင်းများတွင် နေထိုင်မည်ဆိုပါက မိမိ ပတ်ဝန်းကျင်တွင် မြေပြိုနိုင်သည့်အလားအလာနှင့် အိမ်၏ကြံ့ခိုင်မှုတို့ကို မပြတ်စစ်ဆေးရန်လိုသည်။ မနေသင့်သည့်နေရာတွင် မနေမှသာ ဘေးရန်ကင်းကွာမည်။ မိမိပတ်ဝန်းကျင် ကုန်းစောင်း၊ တောင်စောင်းနေရာများတွင် သစ်ပင်များ၊ ဓာတ်တိုင်များ ယိုင်စောင်းလာခြင်း၊ မြေများအက်ကွဲလာခြင်း၊ ခြံစည်းရိုးများနေရာရွေ့လာခြင်း၊ အုတ်နံရံများ၊ ကွန်ကရစ်ကြမ်းခင်းများ အက်ကွဲ လာခြင်း၊ ပြတင်းပေါက်များ၊ တံခါးများဖွင့်ပိတ်ရာတွင် ကျပ်လာထပ်လာခြင်း၊ သစ်အိမ် ဝါးအိမ်များ ရွဲ့စောင်း လာခြင်း စသည်တို့မှာ မြေပြိုတော့မည့် ရှေ့ပြေးလက္ခဏာများဖြစ်ပြီး ယင်းအခြေအနေများကို တွေ့ရှိသတိပြု မိသည်နှင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းကြဖို့လိုသည်။
မြေပြိုခြင်း၏ အကြောင်းရင်းများတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးခြင်းတို့အပြင် မြေငလျင် ကြောင့်လည်း မြေပြိုတတ်သည်ကို သတိချပ်ကြရမည်။ မြေပြိုသည့်နေရာတွင် နောက်ထပ်မြေပြိုနိုင်သည့် အလားအလာလည်း ရှိနေတတ်ပြီး လျှပ်စစ်အန္တရာယ်ကဲ့သို့သော အခြား အန္တရာယ်များလည်း ရှိနေတတ်သည့် အတွက် ဝိုင်းဝန်းကူညီကယ်ဆယ်ခြင်းမှတစ်ပါး သိလိုရုံသက်သက်မျှဖြင့် အုံဖွဲ့ကြည့်ရှုပိတ်ဆို့နေသည်မျိုး မပြုလုပ်သင့်ပေ။ ယင်းသို့ ကြည့်ရှုခြင်းမျိုးက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အနှောင့်အယှက် ဖြစ်စေသည်။
သဘာဝဘေးအန္တရာယ်များ ကျရောက်ဆဲ၊ ကျရောက်ပြီးချိန်တွင်မူ ကူညီကယ်ဆယ်ရေးသည်သာ အဓိက ဖြစ်သည်။ ကူညီကယ်ဆယ်မှုများ ထိရောက်လျင်မြန်ပါမှ ဘေးဒုက္ခခံစားကြရသူတို့ ကိုယ်စိတ်နှစ်ပါး သက်သာရာရကြမည်ဖြစ်သည်။ ကြိုတင်မျှော်တွေးပြင်ဆင်ထားမှု၊ ကျွမ်းကျင်မှု၊ ကောင်းစွာစီမံခန့်ခွဲတတ်မှု တို့တွင် ကရုဏာနှင့် စေတနာတို့ ပေါင်းစပ်ထားမှသာ ကူညီကယ်ဆယ်မှုများ ထိရောက်လျင်မြန်နိုင်မည် လည်း ဖြစ်သည်။ ထို့ပြင်တစ်ဝ ကူညီကယ်ဆယ်ရေးလုပ်ငန်းများသည် တစ်ကိုယ်တော်ဆောင်ရွက်ခြင်းမဟုတ်ဘဲ အင်အားစုဖွဲ့၍ ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်ကြရခြင်းဖြစ်သည့်အလျောက် တာဝန်ရှိသူများနှင့် အတူ ပြည်သူလူထုကလည်း တစ်တပ်တစ်အား ပါဝင်ကူညီကြရေးအတွက် အသိပေးနှိုးဆော်အပ်ပါကြောင်း။
မြန်မာ့အလင်း