ကသာ အောက်တိုဘာ ၁၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကျန်တောကျေးရွာအုပ်စု၊ ကျန်တောကျေးရွာ (ကသာ-ပြည်သာယာ-သိမ်အင်း)ကတ္တရာလမ်းမပေါ်ရှိ သွေးကျောက်ချောင်းသစ်သားတံတား ပြန်လည်ပြုပြင် ခြင်းလုပ်ငန်းများကို ခရိုင်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ကြီးကြပ်ရေးကော်မတီ၏ အနီးကပ် ကြီးကြပ်မှုဖြင့် တံတားပြန်လည်ပြုပြင်ရေးလုပ်ငန်းအဖွဲ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါတံတားကို စက်တင်ဘာ(၂၅)ရက်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်သည့် ခရိုင်အဆင့်ဌာနဆိုင်ရာများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 

သွေးကျောက်ချောင်း တံတား၏ ရေလယ်တိုင်အခန်းများရှိ သစ်သားယက်မတန်းများ၊ ကြမ်းခင်းများနှင့် ဘီးနင်းများမှာ ဆွေးမြည့်ကျိုးပဲ့ ပျက်စီးလျက်ရှိသဖြင့် မော်တော်ယာဉ်ငယ်များသာ ဖြတ်သန်းသွားလာနိုင်ပြီး အချိန်မရွေးတံတားကျိုးကျ နိုင်ခြင်း အန္တရာယ်နှင့်ကြုံတွေ့နိုင်ကြောင်း စိစစ်တွေ့ရှိရသဖြင့် အဆိုပါ တံတား (၂၂၄ x ၁၄)ပေရှိသည့်အနက် ပျက်စီးနေသည့် အစိတ်အပိုင်းဖြစ်သော (၄၀)ပေခန်း(၂)ခန်း၊ (၂၄)ပေခန်း(၂)တို့အား ပြန်လည်ပြုပြင်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၂၉-၉-၂၀၂၁) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် Cabinet အစည်းအဝေးအမှတ်စဉ် (၈/၂၀၂၁)၊ ဆုံးဖြတ်ချက် အပိုဒ်(၃၉)အရ ခန့်မှန်းကုန်ကျငွေ ကျပ်(၁၄.၆)သန်းကို အဆိုပါတံတားပြန်လည်ပြုပြင်နိုင်ရေးအတွက် ခွင့်ပြုခဲ့ကြောင်း၊ တံတားပြန်လည်ပြုပြင်ခွင့်ပြုသည့်နေ့မှစတင်၍ တံတားပြန်လည်ပြုပြင်ရေးလုပ်ငန်း အဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ကာ တံတားပြန်လည်ပြုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကသာ-ပြည်သာယာ-သိမ်အင်း ကတ္တရာလမ်းမပေါ်ရှိ သွေးကျောက်ချောင်းသစ်သားတံတား သည် စုစုပေါင်းအလျားအနံ(၂၂၄ x ၁၄)ပေနှင့် ပေ(၄၀) ခန်း(၂)ခန်း၊ (၂၅)ပေခန်း(၂)ခန်း၊ (၂၄)ပေခန်း (၂)ခန်း၊ (၂၃)ပေခန်း(၂)ခန်းရှိပြီး အဆိုပါတံတားသည် ကသာမြို့နယ်ရှိ ကျေးရွာ(၁၀)ရွာနှင့် လူဦးရေ (၂၇၅၃၀)တို့၏ လမ်းပန်းဆက်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုတို့အတွက် အဓိကအထောက်အကူပြုသည့် အပြင် ခရိုင်ချင်းဆက်အမှတ်(၃)လမ်းမကြီးနှင့် ဆက်သွယ်ထားသည့်လမ်းပေါ်ရှိ တံတားတစ်ခုဖြစ်သည့် အားလျော်စွာ ထီးချိုင့်မြို့နယ်အတွင်းမှ လာရောက်သည့်ပြည်သူများအတွက်ပါ များစွာအထောက်အကူ ပြုသည့်တံတားဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)