ကသာ  ၃  မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် မတ် ၁၀ ရက်မှ ဧပြီ ၉ ရက်နေ့အထိ (၁)လကြာ နွေရာသီပန်းချီသင်တန်းကို အခမဲ့ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါသင်တန်းကို နေ့စဉ် နံနက် ၉ နာရီမှ ၁၀ နာရီအထိ အခြေခံပန်းချီသင်တန်းနှင့် နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ အဆင့်မြင့်ပန်းချီ မွမ်းမံသင်တန်းတို့ကို အခမဲ့သင်ကြားပို့ချမည်ဖြစ်သည်။ 

 

အဆိုပါ နွေရာသီပန်းချီသင်တန်းကို ၂၀၁၅ ခုနှစ်မှ အခမဲ့ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းတက်ရောက်သည့် ကျောင်းသား ကျောင်းသူများအနေဖြင့် တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလာပြီး မိဘများကလည်း ပန်းချီသင်တန်းအပေါ် အားပေးမှုများ ပိုရှိလာကြောင်း ပန်းချီဆရာ ဦးခင်မောင်ရင်က ပြောသည်။

 

သင်တန်းတွင် ကသာမြို့ ပန်းချီသင်တန်းနည်းပြဆရာ ဦးခင်မောင်ရင်နှင့် ဦးဝင်းခိုင်သော်တို့က သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုပါက ကသာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ လာရောက် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းကို ကသာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကသာမြို့ရှိ Youth Club တို့ ပူးပေါင်း၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ရဲအောင်(ကသာ)