ကသာ၊ ၁၆ ဒီဇင်ဘာ
စစ်ကိုင်းတိုင်ဒေသကြီး ကသာခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ကသာခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ကသာခရိုင်အတွင်း သိမ်းဆည်းထား သော သက်တမ်းလွန်အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများကို ဒီဇင်ဘာ ၁၆ ရက် နံနက် ၉ နာရီခန့်က ကသာမြို့နယ် မန်စီကျေးရွာသွားလမ်းဘေးရှိ အမှိုက်ကျင်းသစ်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ပစ္စည်းများ မီးရှို့ဖျက်ဆီးရာတွင် ကသာခရိုင်အတွင်းမှ မြို့နယ်များရှိ ကုန်စုံဆိုင်နှင့် ဆေးဆိုင် များကို ယခုနှစ် ဇွန်လနှင့် ဒီဇင်ဘာလအတွင်း တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ရာမှ သိမ်းဆည်း ခဲ့သော သက်တမ်းလွန် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ပစ္စည်းတန်ဖိုးအနေဖြင့် အလှကုန်ပစ္စည်း၊ အစားအသောက်ပစ္စည်းနှင့် ဆေးဝါးများ စုစုပေါင်း ပစ္စည်းတန်ဖိုး (၆၂၇၃၂၂၇)ကျပ်ရှိကြောင်း ကသာခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီး ဌာနမှ သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကသာခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ခရိုင် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲအောင်(ကသာ)


