ကသာ ၁၉ မတ်
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် မတ် ၁၈ ရက်ည ၇ နာရီခန့်တွင် လေပြင်း တိုက် ခတ်ခြင်းကြောင့် သစ်ပင်၊ သစ်ကိုင်းကျိုးကျခြင်း၊ သစ်ဆွေးများ ကျိုးခြင်း၊ ဓာတ်တိုင်ပြိုလဲခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ကသာမြို့တွင် ၇ နာရီ ၅၁ မိနစ်မှ ၈ နာရီ ၄၃ မိနစ်ထိ လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးရွာခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
တိုက်ခတ်ချိန် (၅) မိနစ်ခန့်ကြာပြီး အနောက်/ အနောက်မြောက်အရပ်မှ (၁) နာရီလျှင် (၂၅)မိုင်နှုန်းခန့် တိုက်ခတ်သွားသည်။ မိုးရေချိန်မှာ ၁၀ မီလီမီတာ (ဝ.၄၀) လက်မ ရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ လေပြင်းကြောင့် သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်း၊ မြို့တွင်းထရန့်စဖာခြံအပါအဝင် ကွန်ကရစ်ဓါတ်တိုင် (၇)တိုင်၊ တောတွင်း (၉)မိုင် တောင်ကုန်းအနီး ကွန်ကရစ်ဓါတ်တိုင် (၂)လုံး ကျိုးကျပျက်စီးသွားပြီး မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်ကျော်သန်းအဖွဲ့မှ လျှပ်စစ်မီး ပြန်လည် ရရှိနိုင်ရေးအတွက် လဲကျပျက်စီးသွားသော ဓာတ်တိုင်များအား ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုးကျပျက်စီးသွားသော သစ်ကိုင်းများကြောင့် ပိတ်ဆို့နေသာ လမ်းများအား မြို့နယ်မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များနှင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီတို့မှ စုပေါင်းရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုတွင် ကသာခရိုင် အတွင်းရှိ ကသာ၊ ဝန်းသို၊ အင်းတော်မြို့နယ်များတွင်လည်း တစ်ပြိုင်နက်တည်း တိုက်ခတ်သွားကြောင်း သိရသည်။
ဟန်မျိုးကျော် (ကသာ)
