ကသာခရိုင်ထွက် ရော်ဘာဈေးကွက် ဈေးကောင်းရ

ကသာ ဒီဇင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်ထွက် ရော်ဘာဈေးကွက်သည် ယမန်နှစ်ကထက် ဈေးကောင်းရကြောင်း ကသာခရိုင်စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်စိုးထံမှ သိရသည်။

“ရော်ဘာစိုက်ပျိုးမှုကတော့ ဒီထက်တိုးချဲ့စိုက်ပျိုးမှု မရှိဘူး။ လက်ရှိစိုက်ဧကကို ဆက်လက် ထိန်းသိမ်းပြီးတော့ အစေးချက်နေတာ ပဲရှိတယ်။ ရော်ဘာအစေးချက်တဲ့အခါ တစ်ဧကကို ၃၅၇ ပေါင် ထွက်ရှိတယ်။

ကသာခရိုင်မှာ မြေလွတ်မြေရိုင်းတွေရှိတော့ ရော်ဘာကို ဆက်လက်တိုးချဲ့စိုက်ပျိုးရင် တောင်သူတွေ အနေနဲ့ အကျိုးအမြတ်ရှိတယ်။ ဒီနှစ်ဆိုရင် ရော်ဘာဈေးကောင်းလာပြီ။ ဈေးကောင်းလာတဲ့ အတွက်ကြောင့် ရော်ဘာတိုးချဲ့ စိုက်ပျိုးမယ်ဆိုရင် တောင်သူတွေအနေနဲ့ နှစ်ရှည်အကျိုးရှိမယ်။ အခုလက်ရှိရော်ဘာဈေးကွက်က တစ်ပေါင်ကို ငွေကျပ် ၈၀၀ ဈေးရှိတယ်။ မနှစ်ကဆိုရင် တစ်ပေါင်ကို ငွေကျပ် ၅၀၀ ဈေးပဲရှိတာ။ ပြည်ပက အဝယ်လိုက်လာတာကြောင့် ဈေးကောင်းနေတာ” ဟု ကသာခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်စိုးက ပြောသည်။

ကသာခရိုင်ထွက် ရော်ဘာဈေးကွက်အနေဖြင့် ပြီးခဲ့သည့်နှစ်တွင် ရော်ဘာအစေး တစ်ပေါင်လျှင် ငွေကျပ် ၅၀၀ ဈေးရှိပြီး ယခုနှစ်တွင် ရော်ဘာအစေး တစ်ပေါင်လျှင် ငွေကျပ် ၈၀၀ ဈေးဖြင့် ရောင်းချနေ ခြင်းဖြစ်သည်။

ကသာမြို့နယ်၌ ရော်ဘာ ၄၃၁ ဧက၊ ထီးချိုင့်မြို့နယ်၌ ၃၃ ဧက၊ အင်းတော်မြို့နယ်၌ ၁၅၂ ဧကနှင့် ဗန်းမောက်မြို့နယ်၌ ၄၀၅ ဧက စုစုပေါင်း ၁၀၂၁ ဧကရှိကြောင်း သိရသည်။

ကသာခရိုင်အတွင်းရှိ သက်ဆိုင်ရာမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် ရော်ဘာစိုက်တောင်သူများကို မျိုးစေ့ရွေးချယ်သည့်အခါ မှန်ကန်မှုရှိရန် နည်းလမ်း၊ မြေအမျိုးအစားနှင့် မိုးရေချိန်များ ကိုက်ညီသည့် မျိုးစေ့အား စိုက်ပျိုးရန်နည်းလမ်း၊ စိုက်နည်းစနစ်၊ ရော်ဘာလှီး စနစ်၊ ရော်ဘာအပင် စောင့်ရှောက်နည်းနှင့် နွေရာသီတွင် ရော်ဘာအပင် မီးမလောင်ရန် နည်းပညာများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လူလေး