ကသာ မေ ၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကွန်ပျူတာပန်းချီပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ မေ ၄ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

 

(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့အထိမ်းအမှတ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်ကွန်ပျူတာပန်းချီပြိုင်ပွဲတွင် “မူးယစ်ရန်စွယ် အသွယ်သွယ် အန္တရာယ်ဟူသမျှ ရှောင်ရှားကြ”၊ “မူးယစ်ဆေးဝါးကာကွယ်ရေး အသိပညာ မြှင့်တင်ပေး”၊ “မူးယစ်အဆိပ်ငွေ့ ကင်းစင်မှ တိုးပွားရှင်သန်မျိုးဗီဇ”၊ “ဉာဏ်ရည်လည်းရှုံး လူညွန့်တုံး စည်းလုံး တိုက်ပစ် ထိုမူးယစ်”၊ “လူ့ဘောင်သာယာလှပဖို့ နွေးထွေးပွေ့ဖက်ဖေးမလို့ မူးယစ်စွဲသူ ကူညီစို့”နှင့် “ခွဲခြားနှိမ့်ချ ကင်းစင်ဝေး၊ ကာကွယ်ရေးကိုအလေးပေး၊ လူသားအားလုံးကျန်းမာရေး” ခေါင်းစဉ်များဖြင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

 

အဆိုပါပြိုင်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲဝင်းလွင်နှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

 

ရဲလင်းထွန်း(ကသာ)