ကသာ ၂၆ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး COVID 19 ရောဂါဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များကို အများ ပြည်သူ သိရှိနိုင်ရန် ရည်ရွယ်၍ ကသာမြို့ ညဈေးတန်းတွင် မတ်လ(၂၅)ရက်နေ့၊ ည(၆)နာရီအချိန်မှစ၍ “ရွှေဝါ”ရွှေဆိုင်ရှိ LED ဘုတ်ဖြင့် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေးရုပ်သံ ထုတ်လွှင့်ပြသ ပေးလျက်ရှိသည်။
“ကသာမြို့နယ်စည်ပင်သာယာရေးကော်မတီအနေဖြင့် အဆိုပါလုပ်ငန်းကို တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး၏ လမ်းညွှန်ချက်အရ COVID 19 ရောဂါဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များကို အများပြည်သူသိရှိနိုင်ရန်အတွက် လုပ်ဆောင်ခြင်းဖြစ်တယ်။ ဒါ့အပြင် ရုံးများ၊ ဈေးများမှာ လက်ဆေးခြင်းလုပ်ငန်းများနိုင်ရန်အတွက် လက်ဆေးဘေစင်များကို ကသာမြို့မှာရှိတဲ့ မြို့မ ဈေးမှာ(၂)ခု၊ သီရိခေမာဈေးမှာ(၂)၊ ပတ္တမြားဈေးမှာ(၁)ခု ဆောင်ရွက် ထားရှိပြီးဖြစ်တယ်။ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမယ်”လို့ မြို့နယ်စည်ပင် သာယာရေး ကော်မတီမှ ဦးသန့်ဇော် (မြို့နယ်အမှုဆောင်အရာရှိ)က ပြောခဲ့သည်။
ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများနှင့် “ရွှေဝါ”ရွှေဆိုင်မှ တာဝန်ရှိသူများ ပူးပေါင်းညှိနှိုင်းပြီး ကျန်းမာရေးဦးစီးဌာနမှရရှိသည့် ကျန်းမာရေး အသိပညာပေး ရုပ်သံများဖြင့် ပြသပေးခြင်း ဖြစ်ကြောင်း၊ ထိုသို့စတင်ပြသချိန်တွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့ကြောင်း၊ မြို့နယ်စည်ပင် သာယာရေးကော်မတီမှလည်း ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ရဲအောင်(ကသာ)


