ကသာ ၁၅ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြည်သူ့ ဆေးရုံဝင်းအတွင်းရှိ ဆရာဝန်နေအိမ်တိုက်ခန်းအတွင်းမှ ဖုန်းခိုးယူနေသူအား ဖမ်းမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၄ ရက် ညနေ ၅ နာရီခွဲတွင် ကသာမြို့ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော လ/ထဆရာဝန် ဒေါက်တာ ဦးအောင်မျိုးမြတ်သည် နေအိမ်တိုက်ခန်းအတွင်း လုပ်ဖော်ကိုင်ဘက်ဖြစ်သော ဒေါက်တာဝေလင်းထိုက်နှင့် စကားပြောနေစဉ် ဧည့်ခန်းအတွင်း လူတစ်ဦးဝင်ရောက်လာပြီး စားပွဲပေါ်တင်ထားသော ဖုန်းအားခိုးယူနေစဉ် ကသာမြို့မ ရဲစခန်းသို့ အကြောင်းကြားခဲ့ရာ နယ်ထိန်းရဲတပ်ဖွဲ့များသည် သက်သေများနှင့်အတူ ရောက်ရှိလာပြီး ဖုန်းခိုးယူသူ ကသာမြို့နယ်၊ စေတီကုန်းကျေးရွာနေ နေဖြိုးဝင်းအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့သဖြင့် ၎င်းအား ကသာမြို့မရဲစခန်းမှဥပဒေအရအရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
လူအောင်(ကသာ)