ကသာ ၂၆ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများပူးပေါင်း၍ ကသာ မြို့အတွင်းသို့ ပြန်လာသော ခရီးသွားပြည်သူများအား ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် မတ်လ ၂၅ ရက် ညနေ ၄ နာရီက ကသာမြို့အဝင်မုခ်ဦးတွင် ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ကသာမြို့အဝင်မုဒ်ဦးမှ မြို့တွင်း ပြန်ဝင်လာသော မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကို စောင့်ကြိုတားဆီးပြီး အဆိုပါယာဉ်များမှ ပါလာသော ခရီးသွားပြည်သူများအား ကသာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဦးအောင်အောင်နှင့် အဖွဲ့များက ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ယင်းနောက် ခရီးသွားပြည်သူများအား COVID 19 ရောဂါဆိုင်ရာ ဆောင်ရန်/ရှောင်ရန် အချက်များကို အသိပညာပေးပြီး ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သိရသည်။
ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန စသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါကျန်းမာရေးစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
ရဲအောင်(ကသာ)