ကသာ ၁၃ မေ

 

ကသာမြို့နယ် ဒေသထွက် လေခြူသီး ခေါ် တရုတ်ဆီးသီးများကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြန့်ချိရောင်းသူများ အဝယ်မလိုက်သေးသဖြင့် အခင်းရှင်းများ အခက်တွေ့နေကြကြောင်းသိရသည်။

 

ကသာမြို့နယ်အတွင်း ကျယ်ဝန်းသော နေအိမ်ခြံများ၌ နှစ်ရှည် လေခြူသီး ခေါ် တရုတ်ဆီးသီးပင် စိုက်ပျိုးထားကြရာ လက်လီလက်ကား ဝယ်ယူရောင်းချသော စီးပွားရေး လုပ်ငန်းရှင်များ၊ အငှားကောက်သူ နေ့စားလုပ်သားများ၊ သုံးဘီးယာဉ်မောင်းများ၊ အဝေးပြေး ကားလိုင်းသမားများအတွက် ရာသီအလိုက် အလုပ်အကိုင် အခွင့်အလမ်း ရရှိလျက်ရှိသည်။

 

လေခြူသီး ခေါ် တရုတ်ဆီးသီးမှာ ဖေဖော်ဝါရီ လကုန်ပိုင်းမှစ၍ အဖူးများ စတင်ဖူးပွင့်ကြပြီး မေလတွင် ရင့်မှည့်သည်။ ကသာမြို့နယ်အတွင်း မိဿလင်း၊ ကပ္ပလိပ်၊ ပေကုန်း၊ သိမ်အင်း၊ ချောင်းဝ၊ နတ်ရေတွင်း စသည့်  ကျေးရွာများ နှင့် ဘုန်းတော်ကြီး ကျောင်းများမှာ စိုက်ပျိုးထားကြပြီး ဈေးအကွက် အတွင်း ၃၁ လုံး ပါတစ်တွဲလျှင် ၂၀၀ ကျပ် မှ  ၂၅၀ ကျပ် အထိ အလုံးလှပေါ် မူတည်ပြီး ရောင်းချနေကြသည်။

 

လေခြူသီး ခေါ် တရုတ်ဆီးသီးကို မန္တလေး၊ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာမြို့များသို့ တင်ပို့ရောင်းချရာ ယခုအခါ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် ကုန်သည်ပွဲစားများ အဝယ်မလိုက်သေးခြင်းနှင့် ရောင်းတန်းဝင်သည်အထိ ဝင်းမှည့်ခြင်း မရှိသေးခင်  လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများကြောင့် အသီးများ ပျက်စီးကြွေကျမှာ စိုးရိမ်နေရကြောင်း ကသာမြို့နယ် မိဿလင်း ကျေးရွာနေ ဆီးသီးခြံပိုင်ရှင် ဘိုးချစ်ငွေ ၏ ပြောကြားချက်အရ သိရသည်။ 

 

ငွေအိုး (ကသာ)