ကသာ ၃ အောက်တိုဘာ
စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန မှ ကြီးမှူး၍ စိုက်ပညာဝန်ထမ်းများ (GAP) စနစ် အား ကောင်းစွာ နားလည်သိရှိပြီး (GAP) စနစ် ဖြင့် စိုက်ပျိုး ထုတ်လုပ်မည့် တောင်သူများအား ပညာပေးနိုင်ရေးအတွက် ရည်ရွယ်၍ စိုက်ပျိုးရေး ဆိုင်ရာအလေ့အကျင့်ကောင်းများ (GAP) သင်တန်းအား ယမနေ့ နံနက် (၉) နာရီ အချိန်က ကသာခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ၌ ဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် ကသာခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဖုန်းမောင် ၊ ခရိုင်မြေ အသုံးချတာဝန်ခံ ဦးလှမင်း ၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်နော်ဂရေ့ နှင့် ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံ ဦးသက်နိုင် တို့ မှ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်အကောင်းများ၊စိုက်ပျိုးရေး စနစ်တကျ စီမံခန့်ခွဲရေး ၊ ရောဂါနှင့်ရာသီဥတုဒါဏ် ခံနိုင်ရည်ရှိသော မျိုးကွဲများ အသုံးပြုစိုက်ပျိုးရေး၊ FAW ငမြှောင်တောင်နှင့် ဘက်စုံသီးနှံကာကွယ်ရေး စနစ် အသုံးပြုရေးတို့အား အသီးသီး ဆွေးနွေးပို့ချခဲ့ ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ ကသာ၊ ကောလင်း၊ ဝန်းသို၊ အင်းတော်၊ ပင်လည်ဘူး၊ ဗန်းမောက်၊ ထီးချိုင့် မြို့နယ်များ မှ စိုက်ပညာဝန်ထမ်း (၅၅) ဦး တက်ရောက် သင်ယူဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နိုင်လင်းထက် (ပြန်/ဆက်)


