ကသာမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံထားသည့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

mdn

ကသာ ဩဂုတ်  ၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကသာမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံထားသည့် ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ဩဂုတ်လ(၂)ရက်နေ့၊ နံနက်(၈)နာရီအချိန်မှစ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

 

အဆိုပါဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို ဇူလိုင်(၄)ရက်နှင့် (၅)ရက်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်အဖြစ်ထိုးနှံခဲ့ရာ စုစုပေါင်းလူဦးရေ (၂၇၀)ဦးရှိခဲ့ပြီး ယင်းဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအား ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံသူများကိုလည်း လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ နှင့် ကသာပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများကလည်း ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဩဂုတ်လအတွင်း၌ ကသာမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)