ကသာ ၄ ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ပထမအကြိမ်မြောက် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဧရာဝတီမြစ် ကမ်းနားတစ်လျှောက်တွင် စည်းကားသိုက်စွာကျင်းပသွားမည်ဖြစ်ပြီး ရောင်စုံထီး အလက် (၂၀ဝ)၊ ပုသိမ်ထီး အလက် (၅၀)၊ ဒေသထွက် ခမောက် (၁၀ဝ) ခုဖြင့် လမ်းတစ်လျှောက် မဏ္ဍပ်များတွင် အလှဆင်ထားရှိသွားမည်ဖြစ်ကြောင်း  သိရသည်။ 

 

အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ကသာမြို့ ဧရာဝတီမြစ်နံဘေးဆိပ်ကမ်းအလှ ပေါ်လွင် အောင်  ကမ်းနားလမ်းတစ်လျှောက် အမှတ် (၃) ရပ်ကွက်၊ မဟာလေးထပ် ဘုန်းကြီးကျောင်းအနီးမှ အမှတ်(၁) ရပ်ကွက် မြောက်ကျောင်း ဘုန်းတော်ကြီးကျောင်းအထိ ရပ်ကွက် (၁၀)ကွက်ရှိ မဏ္ဍပ်များ တည်ဆောက်၍ ပျော်ရွှင်စွာရေကစားနိုင်အောင် စီစဉ်ထားရှိကြောင်း၊ ကသာမြို့မှ လုပ်သားမောင် မြန်မာ့ဆိုင်းဝိုင်း၊  Pandora Music Band နှင့် ယိမ်းအဖွဲ့ (၈) ဖွဲ့တို့မှ  သင်္ကြန် အကအလှများဖြင့် ဖျော်ဖြေသွား မည်ဖြစ်ကြောင်း၊  လမ်းလျှောက်သင်္ကြန်ပွဲတော်ကို “ဖက်ဆွတ်ဧရာသင်္ကြန်" ဟု အမည်ပေးထားကြောင်း စည်သာယာ ကော်မတီဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးသန်းဇော်မှ ပြောသည်။

 

ထို့အပြင် ကသာမြို့တွင် သက်ကြီးဝါကြီး ဆရာတော်များအား သင်္ကြန်ကာလ နေ့စဉ် လှူဖွယ်ဝတ္ထု အသီးသီး များ ဆက်ကပ်လှူဒါန်းခြင်း၊ ပရဟိတအသင်းအဖွဲ့များမှာလဲ စတုတိတာ အဟာရဒါနများကို ကျွေးမွေးခြင်း များကို နေ့စဉ်အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ငွေအိုး(ကသာ)