ကသာ ၈ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ရှိ ဒေသခံပြည်သူများသည် ဖေဖော်ဝါရီ ၈ ရက်နေ့၊ တပို့တွဲလပြည့်နေ့၊ နံနက် ၄ နာရီမှစတင်၍ မြတ်စွာဘုရားရှင်ကို ရည်ဆောင်ရည်မှန်းပြုကာ ဘုရားစေတီတော်များအား အမွှေးအကြိုင်များဖြင့် မီးပုံးသင်းပူဇော်ခဲ့ကြောင်း သိရသည်။
"မြတ်စွာဘုရားရှင်က တပို့တွဲလပြည့်နေ့မှာ ထမနဲဆွမ်းကို ဘုန်းပေးပြီး ခြေဖျားတော်၊ လက်ဖျားတော်များအား မီးအပူပေးတော်မူခဲ့တယ်။ ဒါ့ကြောင့် ထိုအကြောင်းအရာကို အကြောင်းပြု၍ ဗုဒ္ဓသာသနာတော်အတွင်းမှာ ထိန်းသိမ်းသောအားဖြင့် အထိမ်းအမှတ်အနေနဲ့ ပြုလုပ်ခြင်းဖြစ်ရာ ဒေသခံပြည်သူများကလည်း ကသာမြို့ရှိ ရွှေဂူကြီး၊ မြစေတီ၊ တာဝတိံသာနှင့် အခြားဘုရား စေတီတော်များတွင် မြတ်စွာဘုရားရှင်ကို ရည်မှတ်ပြီး နံ့သာ၊ သနပ်ခါး၊ ကရမက် စသည့်အမွှေးအကြိုင်များဖြင့် နှစ်စဉ်နှစ်တိုင်း လာရောက်ပူဇော်ကြတယ်"လို့ ရွှေဂူကြီးဘုရား စေတီတော် ဂေါပက ဥက္ကဋ္ဌ ဦးစောထွန်းက ရှင်းပြသည်။
ကသာမြို့တွင် အဆိုပါမီးပုံးသင်းပူဇော်ခြင်းကို အစဉ်အလာအဖြစ် နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့ပြီး လာရောက်ပူဇော်သူများကလည်း မြတ်စွာဘုရားရှင်အား ဆီမီး၊ အမွှေးတိုင်နှင့် သစ်သီးဝလံများ ဆက်ကပ်ပူဇော်ကြကြောင်း၊ စေတီတော်မှ တာဝန်ရှိသူများက လာရောက်ပူဇော်သူများအား ထမနဲဖြင့် စတုဒီတာအဖြစ် ဧည့်ခံကျွေးမွေးခဲ့ပြီး ယခုနှစ်မှာ ယခင်နှစ်များထက် ပိုမိုစည်ကားကြောင်း သိရသည်။
ရဲအောင်(ကသာ)