ကသာ၊ ၁၉ ဇန်နဝါရီ

 

ကသာမြို့နယ်အနီး ကုန်စည်စီးဆင်းရာ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်အား ရေစီးလမ်းကြောင်း ကောင်းမွန်ရေး ကျပ်သန်း (၅၀၀)ဘတ်ဂျက်ဖြင့် ရေလွဲမျောတန်းများ ပြုလုပ်ဆောင်ရွက်ရန် စီမံထားရှိကြောင်း ရေအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနမှ သိရသည်။

 

၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်မှ ဧရာဝတီရေလမ်းကောင်းမွန်ရေး ရရှိဘတ်ဂျက်ပေါ်မူတည်ပြီး ရေလွှဲအုန်းတုံး နှစ်တန်းရေကာ၊ ပိုမျောကတစ် နှစ်တန်းရေကာ ပြုလုပ်ဆောင်ရွက်ခဲ့သဖြင့် ယခုနှစ်တွင် သဲသောင်ထု ထူထပ်မှု လျော့ကျသွားကြောင်း၊ ဧရာဝတီမြစ် ရေစီးလမ်းကြောင်းကောင်းမွန်ရေး ပြည်ထောင်စုဘတ်ဂျက် ကျပ်သန်း (၅၀၀) ဘတ်ဂျက်ဖြင့် သဲသောင်ထုများ လျော့နည်းကျဆင်းရေး စီမံထားချက်ဖြင့် ကုန်စည်စီးဆင်းရာ ရေစီးလမ်းကြောင်း ကောင်းမွန်လာအောင် သက်ဆိုင်ရာပညာရှင်များနှင့် တွက်ချက်တိုင်းထွာထားရှိ နေရာများတွင် ပိုမျောကတစ်တန်းများ စီမံဆောင်ရွက်သွားရန် စီစဉ်ထားရှိကြောင်း သိရသည်။

 

ရာသီဥတုပြောင်းလဲခြင်း၏ ဒဏ်ကြောင့် ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ မုန်တိုင်းပိုမိုဖြစ်ပေါ်လာခြင်းရှိခဲ့ပြီး မြစ်ချောင်းများ တိမ်းကောလာခြင်း၊ လူတို့၏ ပယောဂကြောင့် မြစ်ချောင်းပြတ်ရွေ့ခြင်း၊ ရေစီးရေလမ်းကြောင်း ပျောက်ဆုံးစီးခြင်း၊ မိုးရွာမှုပုံစံမမှန်ခြင်း စသည့် ကမောက်ကမ အခြေအနေများကြောင့် မြန်မာနိုင်ငံတွင် တည်ရှိနေသည့် ကုန်စည်စီးဆင်းမှု အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ရေစီးလမ်း ကျဉ်းမြောင်းလာခြင်း၊ သဲသောင်ထုများ များပြားလာခြင်း၊ နေရာအဝှမ်းတွင် ဖြစ်ပေါ်လာရခြင်း အနေအထားများလာကြောင်း မှတ်တမ်းများအရ သိရသည်။

 

ယခင်နှစ်များက ဧရာဝတီမြစ်ရေလမ်းကြောင်း ကောင်းမွန်ရေး ပြည်ထောင်စုဘတ်ဂျက် ၂၀၁၈-၂၀၁၉ တွင် အုန်းတုံးရေလွှဲရေကာ (၁၆၅)သန်း၊ ၂၀၁၉-၂၀၂၀ တွင် ပိုမျောတိုင်ရေလွှဲရေကာ (၂၂၂ ဒသမ ၇)သန်း အသုံးပြု၍ ရေလမ်းကောင်းမွန်ရေး ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ထားရှိကြောင်း ကသာမြို့နယ် ရေအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန ဦးစီးအရာရှိရုံးမှ သိရှိရသည်။

 

ငွေအိုး (ကသာ)